Eleven Media Group

ဒီအာကွန်ဂို နိုင်ငံအတွင်း အီဘိုလာ ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ယူဂန်ဒါနိုင်ငံအတွက် ကျန်းမာရေးအန္တရာယ်ရှိနေဆဲ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြား

ယူဂန်ဒါနိုင်ငံသည် နိုင်ငံတွင်းနောက်ဆုံးကူးစက်ခံရသူ ပြန်လည်သက်သာခဲ့ပြီးနောက်ပိုင်းအိမ်နီးချင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(ဒီအာကွန်ဂို)တွင် အီဘိုလာ ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ကျန်းမာရေးအန္တရာယ်ရှိနေဆဲ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ယူဂန်ဒါနိုင်ငံသည် ဇွန်လ ၁၆ ရက်နေ့တွင် အတည်ပြုထားသော နိုင်ငံတွင်း ကူးစက်ခံရသည့် နောက်ဆုံး ရောဂါကူးစက်ခံရသူကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးနောက် နောက်ထပ် နိုင်ငံတွင်းကူးစက်မှုမရှိဘဲ ၄၂ ရက် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

"ယူဂန်ဒါနိုင်ငံအနေနဲ့ ၂၀၂၆ ခုနှစ် အီဘိုလာ ရောဂါ ဖြစ်ပွားမှုကို တရားဝင် အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ ထုတ်ပြန်ကြေညာပါတယ်။ ဒီနေ့မှာတော့ (ဇူလိုင် ၂၈ ရက်)ယူဂန်ဒါဟာ အီဘိုလာ ရောဂါ ကင်းစင်သွားပါပြီ" ဟု ယူဂန်ဒါကျန်းမာရေးဝန်ကြီးဌာနကက ဇူလိုင် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

သို့သော်လည်း စံချိန်စံညွှန်းမီ နိုင်ငံတကာ ရက်ပေါင်း ၄၂ ရက် ရေတွက်မှုမှာ နောက်ဆုံး ရောဂါသည်နှင့် ထိတွေ့နိုင်ခြေရှိသည့် နောက်ဆုံးအချိန်မှစ၍ ၄၂ ရက် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့သည်။

ရက်ပေါင်း ၄၂ ရက်ဆိုသည်မှာ အီဘိုလာ ရောဂါ၏ သိရှိထားသမျှ အရှည်ကြာဆုံး ရောဂါအစပျိုးချိန်ဖြစ်သည့် ၂၁ ရက်၏ နှစ်ဆ ဖြစ်သည်။

"ဒီအာကွန်ဂိုကနေ ဝင်ရောက်လာတဲ့ နောက်ဆုံး ရောဂါသည်ကို ဇူလိုင် ၁၆ ရက်နေ့မှာ ဆေးရုံက ဆင်းခွင့်ပြုခဲ့တာဖြစ်လို့ မည်သည့် ကူးစက်မှုကွင်းဆက်မျှ လွတ်ကင်းကျန်ရစ်ခြင်း မရှိစေဖို့ အပိုဆောင်း ကာကွယ်ရေး အစီအစဉ်အဖြစ် WHO အနေနဲ့ ဒီနေ့(ဇူလိုင် ၂၉ ရက်)ကစပြီး ရက်ပေါင်း ၄၂ ရက်အထိ အခြေအနေကို စောင့်ကြည့်သွားမှာဖြစ်ပါတယ်" ဟု ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီက ပြောကြားခဲ့သည်။

ဒီအာကွန်ဂိုနိုင်ငံ၌ အတည်ပြုလူနာ ၃,၃၆၀ ဦး ရှိခဲ့ပြီး ၁,၄၈၇ ဦး သေဆုံးခဲ့ကာ အရှေ့မြောက်ပိုင်း အီတူရီ ပြည်နယ်တွင် ရောဂါဖြစ်ပွားမှု အများဆုံး ဗဟိုပြုနေသည်။

အီတူရီ ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ယူဂန်ဒါနိုင်ငံတွင် အတည်ပြုလူနာ ၂၀ ဦး ရှိခဲ့ပြီး ၂ ဦး သေဆုံးကာ ၁၈ ဦးမှာ ပြန်လည်သက်သာလာခဲ့သည်။

"ဒီအာကွန်ဂိုမှာ ရောဂါ ဆက်လက်ဖြစ်ပွားနေတာနဲ့ နယ်စပ်ဖြတ်ကျော် သွားလာမှုတွေရဲ့ အန္တရာယ်ကြောင့် ယူဂန်ဒါအနေနဲ့ စောင့်ကြည့်စစ်ဆေးမှုတွေနဲ့ ပြင်ဆင်ထားရှိမှုတွေကို မြှင့်တင်ထားဖို့ဟာ အရေးကြီးဆုံးဖြစ်ပါတယ်" ဟု WHO က ပြောကြားခဲ့သည်။

"အိမ်နီးချင်း ဒီအာကွန်ဂို ဒေသတွေမှာ ကူးစက်မှုတွေ ဆက်ဖြစ်နေသမျှ ကာလပတ်လုံး ယူဂန်ဒါဟာ အန္တရာယ်ရှိနေဆဲ ဖြစ်ပါတယ်။ ဒီကြေညာချက်ဟာ အန္တရာယ် ကင်းစင်သွားပြီလို့ အဓိပ္ပာယ် မသက်ရောက်ပါဘူး။ ဝန်ကြီးဌာနရဲ့ ဆန်းစစ်ချက်အရ ယူဂန်ဒါမှာ လက်ရှိ ဒေသတွင်း ကူးစက်မှု မရှိတော့ဘူးလို့ပဲ အဓိပ္ပာယ်ရပါတယ်။ ဒါဟာ အသိအမှတ်ပြုရမယ့် အောင်မြင်မှုတစ်ခု ဖြစ်သလို သတိပြုစောင့်ကြည့်မှုကို ဆက်လက်ထားရှိဖို့က အရေးကြီးတယ်ဆိုတာကိုလည်း သတိရရပါမယ်"ဟုဆိုသည်။

ဇူလိုင် ၁၆ ရက်နေ့က ဆေးရုံဆင်းခဲ့သော ကူးစက်ခံရသူကို ယူဂန်ဒါ အာဏာပိုင်များက ဒီအာကွန်ဂိုမှ ဝင်ရောက်လာသည့် ရောဂါသည်အဖြစ် သတ်မှတ်ခဲ့ပြီး ယူဂန်ဒါတွင် ဆက်လက် ကူးစက်မှု မရှိခဲ့ကြောင်း WHO က ပြောကြားခဲ့သည်။

ဂျနီဗာအခြေစိုက် အဆိုပါ အေဂျင်စီသည် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် တင်းကျပ်သော စီမံချက်များ ဆောင်ရွက်ခဲ့သည့် ယူဂန်ဒါအစိုးရ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများကို ချီးကျူးဂုဏ်ပြုခဲ့သည်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်သော သွေးလွန်တုပ်ကွေးရောဂါတစ်မျိုး ဖြစ်သည့် အီဘိုလာသည် နီးကပ်စွာ ထိတွေ့မှုနှင့် ရောဂါပိုးရှိသော ခန္ဓာကိုယ်ထွက် အရည်များမှတစ်ဆင့် ကူးစက်ပြန့်ပွားသည်။

အီတူရီတွင် လူပေါင်းများစွာ သေဆုံးခဲ့ပြီးနောက် မေလ ၁၅ ရက်နေ့တွင် ဒီအာကွန်ဂို ၏ ၁၇ ကြိမ်မြောက် အီဘိုလာ ရောဂါ ဖြစ်ပွားမှုကို ထုတ်ပြန်ကြေညာခဲ့သည်။

ယခု ကပ်ရောဂါသည် သမိုင်းတွင် တတိယမြောက် အကြီးမားဆုံး အီဘိုလာ ရောဂါ ဖြစ်ပွားမှု ဖြစ်သည်။

လက်ရှိ ရောဂါဖြစ်ပွားမှု၏ နောက်ကွယ်တွင် ရှိနေသော ရှားပါး ဘန်ဒီဘူဂျိုအီဘိုလာ ဗိုင်းရပ်စ်မျိုးစိတ်အတွက် အတည်ပြုထားသော ကာကွယ်ဆေး သို့မဟုတ် ကုသဆေးများ မရှိသေးပေ။

Ref:AFP
Photo:AFP

မူရင်းသတင်း — Eleven Media Group