Eleven Media Group

အိန္ဒိယတွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက်ဥပဒေပြုအမတ်များက စာမေးပွဲ မေးခွန်း ပေါက်ကြားမှုများအတွက် ပိုမိုတင်းကျပ်သော ပြစ်ဒဏ်များကို ထောက်ခံအတည်ပြု

အိန္ဒိယနိုင်ငံတွင် ကျောင်းသားလူငယ်များဦးဆောင်သည့် ဆန္ဒပြပွဲများကြောင့် ပညာရေးဝန်ကြီး ရာထူးမှ နှုတ်ထွက်ခဲ့ရပြီးနောက် စာမေးပွဲ မေးခွန်း ပေါက်ကြားမှုများအတွက် ပြစ်ဒဏ်များကို ပိုမိုတင်းကျပ်ထားသည့် ဥပဒေကြမ်းတစ်ခုကို အိန္ဒိယ အောက်လွှတ်တော်က ဇူလိုင် ၂၉ ရက်တွင် အတည်ပြုခဲ့သည်။

အဆိုပါ ဥပဒေသည် စာမေးပွဲ မေးခွန်း ပေါက်ကြားမှုတွင် ပါဝင်ပတ်သက်သူများအတွက် အများဆုံး ထောင်ဒဏ်ကို ၁၀ နှစ်အထိ နှစ်ဆတိုးမြှင့်မည်ဖြစ်ပြီး အများဆုံး ဒဏ်ငွေကိုလည်း အမေရိကန်ဒေါ်လာ ၁ သန်းကျော်အထိ တိုးမြှင့်မည်ဖြစ်သည်။

အိန္ဒိယ အမျိုးသား ရုပ်သံလွှင့်ဌာန၏ ဖော်ပြချက်အရ နာရီပေါင်းများစွာကြာ ငြင်းခုံခဲ့ကြပြီးနောက် ဥပဒေပြုအမတ်များသည် အဆိုပါ ဥပဒေကြမ်းကို ဆန္ဒမဲဖြင့် အတည်ပြုခဲ့ကြသည်။

အဆိုပါ ဥပဒေပြုချက်ကို ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ ၏ အာဏာရ မဟာမိတ်အဖွဲ့က အများစုစိုးမိုးထားသည့် အထက်လွှတ်တော်တွင် ဆက်လက် မဲခွဲဆုံးဖြတ်သွားမည်ဖြစ်သည်။

မေးခွန်း ပေါက်ကြားမှုများနှင့် အခြား မမှန်မကန်မှုများအတွက် သီတင်းပတ်ပေါင်းများစွာကြာ လူထုဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင် ၂၅ ရက်တွင် ပညာရေးဝန်ကြီး ဒါမန်ဒရာ ပရာဟန်ရာထူးမှ နှုတ်ထွက်သွားခဲ့ရာမှ ယခုမဲခွဲမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ပိုးဟပ်ဂျန်တာပါတီ အွန်လိုင်းလှုပ်ရှားမှုက ဦးဆောင်သည့် ယင်းဆန္ဒပြပွဲများသည် တစ်နိုင်ငံလုံးရှိ ကျောင်းသားများထံမှ ထောက်ခံမှု အများအပြား ရရှိခဲ့ပြီး မိုဒီအစိုးရအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့သည်။

အဓိက အတိုက်အခံ ကွန်ဂရက်ပါတီမှ ရာဟူး ဂန္ဒီ က ပညာရေးစနစ် အခြေအနေအပေါ် အိန္ဒိယလူငယ်များ၏ စိတ်ပျက်အားလျှော့မှုများကို မိမိအနေဖြင့် ထပ်တူထပ်မျှ ခံစားရကြောင်း ပြောကြားခဲ့သည်။

"ဒါဟာ ဒေါသထွက်တာ မဟုတ်ပါဘူး။ မုန်းတီးမှုလည်း မဟုတ်ပါဘူး၊ ဒါဟာ ဒီနိုင်ငံရဲ့ လူငယ်တွေ၊ ဒီနိုင်ငံရဲ့ အနာဂတ်မျိုးဆက်တွေရဲ့ နက်နက်ရှိုင်းရှိုင်း ထုတ်ဖော်ပြောဆိုမှုပဲ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီ အားလုံးအနေနဲ့လည်း ဒီလို ထုတ်ဖော်ပြောဆိုမှုကို လေးစားရမယ်လို့ ကျွန်တော် ခံစားရပါတယ်" ဟု လွှတ်တော်အတွင်း မိန့်ခွန်းပြောကြားရာတွင် ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က အစိုးရအဖွဲ့ မှ အတည်ပြုခဲ့သည့် အဆိုပါ ပြင်ဆင်ချက်များသည် နိုင်ငံ၏ ကျောင်းသားများနှင့် လူငယ်များ၏အကျိုးစီးပွားကို ကာကွယ်ရန် နက်နက်ရှိုင်းရှိုင်း ကတိကဝတ်ပြုထားမှုကို ထင်ဟပ်နေကြောင်း အကြီးတန်း ဝန်ကြီး ဂျီတန်ဒရာ ဆင်းဟ် က လွှတ်တော်တွင် ပြောကြားခဲ့သည်။

မဲခွဲဆုံးဖြတ်ပြီးနောက် ကာကွယ်ရေးဝန်ကြီး ရာဂျ်နသ် ဆင်းဟ်က "အိန္ဒိယရဲ့ စာမေးပွဲစနစ် ဂုဏ်သိက္ခာကို ပိုမို ခိုင်မာစေဖို့အတွက် အရေးပါတဲ့ ရှေ့ခြေလှမ်းတစ်ခု" ဟု ချီးကျူးပြောကြားခဲ့သည်။

"ဒီဥပဒေကြမ်းမှာ ပိုမိုတင်းကျပ်တဲ့ ပြစ်ဒဏ်တွေ၊ အထူး အမြန်စစ်ဆေးရေး တရားရုံးတွေ၊ အချိန်ကန့်သတ်ချက်ပါတဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ အထူး အစိုးရရှေ့နေတွေနဲ့ မေးခွန်း ပေါက်ကြားမှုနဲ့ စနစ်တကျ စာမေးပွဲ လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်သူတွေကို လျှင်မြန်စွာ တရားဥပဒေအရ အရေးယူနိုင်ဖို့အတွက် အမြန်စီရင်ရေး အယူခံယန္တရားတွေကို ထည့်သွင်းထားပါတယ်" ဟု ဆင်းဟ် က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံးဖြစ်သည့် အဆိုပါ နိုင်ငံ၌ စီးပွားရေး လျင်မြန်စွာ တိုးတက်နေသော်လည်း လူငယ် သန်းပေါင်းများစွာသည် လစာကောင်းသော အလုပ်အကိုင် ရှားပါးမှုနှင့် ပြင်းထန်သော အလုပ်အကိုင် ပြိုင်ဆိုင်မှုများကို ရင်ဆိုင်နေကြရသည်။

အိန္ဒိယတွင် ကျောင်းသားများအတွက် စာမေးပွဲအောင်မြင်ရေးသည် ကြီးမားသည့်ဖိအားတစ်ခုဖြစ်နေသဖြင့် ကျူရှင်နှင့် သင်တန်းကျောင်းကွန်ရက်ကြီးတစ်ခုကို အားကောင်းစေခဲ့ကာ ဒုစရိုက်အဖွဲ့အစည်းများကလည်း ပေါက်ကြားလာသော စာမေးပွဲမေးခွန်းများကို ရောင်းချပြီး ကိုယ်ကျိုးရှာအမြတ်ထုတ်ခဲ့ကြသည်။

ထိုကဲ့သို့ စာမေးပွဲမသမာမှုများကို အစိုးရက ထပ်ခါတလဲလဲ နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း အဆိုပါ မေးခွန်း ပေါက်ကြားမှုများသည် နိုင်ငံတော်အဆင့်အပြင် ပြည်နယ်အဆင့် စာမေးပွဲများတွင်ပါ ထပ်မံ ဖြစ်ပွားနေသည့် ပြဿနာတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။

Ref:AFP

Photo:AFP

မူရင်းသတင်း — Eleven Media Group