Eleven Media Group

မလေးရှားနိုင်ငံရှိ ဘင်္ဂါလီ ၅၀၀၀ ကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံက သဘောတူခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် ပြောကြား

မလေးရှားနိုင်ငံရှိ ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) ၅၀၀၀ ဦးကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံက သဘောတူခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဇူလိုင် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ၌ မှတ်ပုံတင်ထားသော ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူ ၂၁၅၀၀၀ ကျော် ရှိနေပြီး ၎င်းတို့အနက် မြန်မာနိုင်ငံမှ ဘင်္ဂါလီ ၁၂၆၀၀၀ ကျော် ပါဝင်သဖြင့် မလေးရှား၏ အကြီးမားဆုံး ဒုက္ခသည် အသိုင်းအဝိုင်း ဖြစ်သည်။

"ကျွန်တော်တို့နဲ့ မြန်မာကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးကြောင့် မလေးရှားက ဘင်္ဂါလီ ၅၀၀၀ ကို ပြန်လက်ခံဖို့ မြန်မာက သဘောတူလိုက်ကြပါပြီ" ဟု အန်ဝါက ပြောကြားခဲ့ကြောင်း New Straits Times သတင်းစာနှင့် အခြားမီဒီယာများက ဖော်ပြခဲ့သည်။

ကွာလာလမ်ပူရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ ရုံးအပြင်ဘက်တွင် ဘင်္ဂါလီ ဒုက္ခသည် ၁၀၀ ကျော်ကို မလေးရှား အာဏာပိုင်များက ထိန်းသိမ်းခဲ့ပြီး ရက်ပိုင်းအကြာတွင် အန်ဝါ၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပီနန်းပြည်နယ် မြောက်ပိုင်းရှိ တရားမဝင် အခြေချနေထိုင်ရာ ဒေသတစ်ခုမှ နှင်ထုတ်ခံရမည်ဟု ခြိမ်းခြောက်ခံရပြီးနောက် အဆိုပါ အုပ်စုသည် ခိုလှုံခွင့် လာရောက်တောင်းခံခဲ့ခြင်းဖြစ်ကြောင်း မလေးရှားရှိ ဘင်္ဂလီ အခွင့်အရေး အဖွဲ့တစ်ခုက ပြောကြားခဲ့သည်။

ထိန်းသိမ်းခံထားရသူများသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ထုတ်ပေးထားသော တရားဝင် စာရွက်စာတမ်းများရှိကြောင်း အရာရှိများက နောက်ပိုင်းတွင် အတည်ပြုခဲ့သည်ဟု Bernama သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အဆိုပါ အုပ်စုကို နောက်ဆုံးအဆင့် စိစစ်အတည်ပြုမှုများ ပြုလုပ်ပြီးနောက် ပြန်လွှတ်ပေးခဲ့ပြီး မလေးရှားနိုင်ငံတစ်ဝန်းရှိ နေရာအသီးသီးသို့ ပို့ဆောင်ခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံသည် အရှေ့တောင်အာရှတွင် ဒုက္ခသည်များကို ခိုလှုံခွင့် ပေးထားသော်လည်း ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသည့်အပြင် ဒုက္ခသည် အဆင့်အတန်းကိုလည်း တရားဝင် အသိအမှတ်ပြုခြင်း မရှိပေ။

Ref: AFP

မူရင်းသတင်း — Eleven Media Group