Eleven Media Group

ရွှေညောင်မြို့ရှိ ကွမ်းယာဆိုင်အတွင်း ခရီးသွားလူမမာ အမျိုးသားတစ်ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ ရှိ ကွမ်းယာဆိုင်အတွင်း ခရီးသွား လူမမာ အမျိုးသားတစ်ဦး အာဟာရချို့တဲ့ကာ သေဆုံးခဲ့ကြောင်း သတင်းကြား သိရသည်။

၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၀ မနက်(၈)နာရီ အချိန်ခန့်တွင် ရွှေညောင်မြို့၊စဥ့်ဟယ်ရပ်ကွက်၊ ရွှေညောင်-တောင်ကြီးသွား ပြည်ထောင်စုလမ်းမကြီး၏ ဝဲဘက်ခြမ်းရှိ “အိအိမွန်”ကွမ်းယာဆိုင်အတွင်း အမျိုး သားတစ်ဦး သေဆုံးနေကြောင်း သိရှိရသည် ။

မနေ့ညက သေဆုံးတယ်လို့တော့ ခန့်မှန်းထားတယ်ပေါ့။သူ့မိသားစုနဲ့လည်း အဆက်အသွယ်ရပါတယ်။ သူ့ အမျိုးသမီး ပြောပြချက်အရ ကျန်းမာရေး မကောင်းတဲ့ကြားက ရှမ်းပြည်ဘက်ကို အလုပ်သွားတယ်လို့ပဲ ပြောတယ်။သူက အအေးမိတာရော၊ကျန်းမာရေးချို့တဲ့တာရောပါတယ်လို့ တာဝန်ရှိသူက ပြောတယ်” ဟု ရွှေညောင် ဒေသခံ က ပြောပြသည်။

ရွှေညောင်မြို့၊စဥ့်ဟယ်ရပ်ကွက်၊ ရွှေညောင်- တောင်ကြီးသွား ပြည်ထောင်စုလမ်းမကြီး၏ ဝဲဘက်ခြမ်းရှိ “အိအိမွန်” ကွမ်းယာဆိုင်အတွင်း အ မျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ ရွှေညောင်မြို့ နယ်မြေခံရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် သက်သေများနှင့်အတူ အခင်း ဖြစ်နေရာသို့ (၈)နာရီ ၁၀ မိနစ် အချိန်တွင် သွားရောက်စစ်ဆေးရာ အလျား(၄)ပေ၊ အနံ(၇) ပေခန့်ရှိ “အိအိမွန်” ကွမ်း ယာ ဆိုင်အတွင်းရှိ ကွမ်းယာခုံပေါ်တွင် အမျိုး သားတစ်ဦးသည် အစာရေစာပြတ်လတ်၍ အား အင်ချိနဲ့ပြီး အအေးပတ်ကာ ပြင်ပဒဏ်ရာတစ်စုံ တစ်ရာ တွေ့ရှိခြင်းမရှိဘဲ ပက်လက်အနေအထား ဖြင့် သေဆုံးနေသည်ကို စစ်ဆေး တွေ့ရသည်။

သေဆုံးသူအမျိုးသား၏ ယာဘက်ဘေးတွင် ပန်းသီးပုံပါ နက်ပြာ ရောင်ကျောပိုးအိတ်အတွင်းမှ ဦးသက်ခိုင်စိုး အမည်ပါ နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်း(၁)ခု၊ ဦးသက်ခိုင်စိုး အမည်ပါ ရန်ကုန်မှတောင်ကြီးသို့ သွားရောက်မည့် ကားလက်မှတ်ဖြတ်ပိုင်း(၁) စောင်တို့အား ရှာဖွေတွေ့ရှိရပြီး သေဆုံးသူမှာ ဦးသက်ခိုင်စိုး၊ အသက်(၃၇)နှစ်၊ (ဘ) ဦးတင်ဆန်း၊ မြို့တွင်းကျေးရွာ၊ မြို့တွင်းကျေးရွာ အုပ်စု၊ ဧရာဝတီတိုင်းဒေသကြီးနေသူ ဖြစ် ကြောင်း သိရှိရသည်။

သေဆုံးသူ အမျိုးသား ဦးသက်ခိုင်စိုး၏ အလောင်းအား သေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မ တာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် ရဲဆေးစာဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ မနက်(၈း၄၀) နာရီချိန် ပို့ဆောင်ပေးခဲ့ပြီး ရွှေ ညောင်မြို့နယ်မြေခံ ရဲစခန်းမှ သေဆုံးသူ အမျိုး သား ဦးသက်ခိုင်စိုး၏ သေမှုသေခင်း ရေးဖွင့်၍ ဆက်လက်​စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

စည်သာ(တောင်ကြီး)

မူရင်းသတင်း — Eleven Media Group