
နှစ်ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံပြီး ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မြို့ခံများက ပြောကြားသည်။
ဇူလိုင် ၂၈ ရက် ညပိုင်းကတည်းက မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းဖြစ်ပြီး ဝါဆိုလပြည့်နေ့(ဇူလိုင် ၂၉ ရက်) နှင့် ဇူလိုင် ၃၀ ရက်အထိ မိုးဆက်တိုက်ရွာသွန်းခဲ့ခြင်း ဖြစ်သည်။
" မိုးက တိတ်လိုက်ရွာလိုက်နဲ့ဆိုတော့ ရေကတော်တော်မကျဘူး။ ရေကျမယ်လုပ်လိုက် မိုးကရွာလိုက်နဲ့" ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
မိုးရွာသွန်းမှုများပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားသဖြင့် မော်တော်ယာဉ်ပိတ်ဆို့မှုများလည်း ဖြစ်ပွားနေကြောင်း မော်တော်ယာဉ်မောင်းနှင်သူအချို့က ပြောကြားသည်။
" သုဝဏ္ဏမှာ ကားပိတ်လို့ ပတ်မောင်းလာရတယ်။ မီးပွိုင့်နားမှာ ပိတ်တာ။ ရွှေဂုံတိုင်နားမှာက လမ်းပေါ်ရေလျှံတာတွေ ဖြစ်တယ်။ အဲ့ဒီမှာက ကားတော့ သိပ်မပိတ်ဘူး" ဟု မော်တော်ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။
အရှေ့ဒဂုံစက်မှုဇုန်တွင်လည်း စက်ရုံအလုပ်ရုံအချို့ ရေဝင်နစ်မြုပ်နေသဖြင့် ယာယီပိတ်ထားရကြောင်း သိရသည်။
" ဒီနေ့က မိုးလည်း တော်တော်ကောင်းပြီး ရေတက်လာလို့ မနက်ဖန် Work for Home လုပ်ရမယ်။ ရုံးမတက်ရဘူး" ဟု အရှေ့ဒဂုံစက်မှုဇုန်ရှိ အလုပ်ရုံတစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အင်းစိန်၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ ဒဂုံအရှေ့၊ မရမ်းကုန်း၊ တောင်ဥက္ကလာပ၊ သမိုင်းလမ်းဆုံ အစရှိသည့် နေရာများတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
" ရွှေပြည်သာ ၂၄ ရပ်ကွက် အင်းပေါက်စုကျေးရွာမှာ ရေကြီးရေလျှံမှုဖြစ်ပွားနေလို့ ရွှေပြည်သာက ပရဟိတ အသင်းတွေစုပေါင်းပြီး ကယ်ဆယ်ရေး လုပ်ဆောင်နေပါတယ်" ဟု ရွှေပြည်သာမြို့ခံ ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက လူမှုကွန်ရက်တွင် ပြောကြားထားသည်။
မိုးဇလ၏ ထုတ်ပြန်ချက်အရ ဇူလိုင် ၃၁ ရက် နံနက်ပိုင်းအထိ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် ကယားပြည်နယ် တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီး နိုင်ကာရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။
လာမည့်နှစ်ရက်အတွင်းတွင်လည်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်ဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။