
တပ်မတော်ကို Standard Armyတစ်ရပ်ဖြစ်အောင် ဖွဲ့စည်းတည်ဆောက်မည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက် အကောင်အထည်ဖော်မည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြား
နိုင်ငံတော်သမ္မတက အစိုးရ၏ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ (ဇူလိုင် ၃၁ ရက်) ပြောကြားခဲ့ပြီး ယင်းမိန့်ခွန်းတွင် ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
“နိုင်ငံတော် ကာကွယ််ရေးနဲ့ပတ်သက်လို့ တပ်မတော်ကို တိုက်စွမ်းရည် တိုက်စွမ်းအား ရှိတဲ့ ခေတ်မီ တပ်မတော် (Standard Army)တစ်ရပ်ဖြစ်အောင် ဖွဲ့စည်းတည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒီနေရာ တိုက်စွမ်းအားရှိဖို့အတွက် လိုအပ်တဲ့အရင်းအမြစ်တွေ ရရှိစေဖို့ ကျွန်တော်တို့အစိုးရအနေနဲ့ မူဝါဒများချမှတ်ပြီး ဆက်လက် ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၀ နဲ့အညီ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးမှာ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ရေးအတွက် တပ်မတော်ဦးဆောင်မှုနဲ့ ပြည်သူ့စစ် မဟာဗျူဟာကို ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။နိုင်ငံတော်မှာ ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေးစွမ်းပကားနဲ့ လုံခြုံရေး စွမ်းပကား ရရှိစေရေးအတွက် ၂၀၂၄ခုနစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းကာ အာဏာတည်စေခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက် အကောင်အထည်ဖော် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။ တိုက်စွမ်းရည်ရှိတဲ့ တပ်မတော်ဖြစ်လာစေဖို့ လေ့လာ၊လေ့ကျင့်၊လိုက်နာဆိုတဲ့ လုပ်ငန်းစဉ်နဲ့အညီ တပ်မတော်က အမြဲမပြတ်ကြိုးစားလေ့ကျင့်နေကြရမှာ ဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် ပြည်တွင်းလုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ရှိပေမယ့် နိုင်ငံဖြစ်ပေါ်နေသည့် အခြေအနေအရ တပ်မတော်အနေဖြင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး ပါဝင်ဆောင်ရွက် ဖြေရှင်းနေရခြင်း ဖြစ်ကြောင်း ၊နယ်မြေထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ ၊ဥပဒေစည်းမျဉ်းစည်းကမ်း ပိုင်းဆိုင်ရာ ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ (law force police)ဆိုပြီးတော့ နှစ်မျိုးရှိကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့များ၏ စွမ်းဆောင်အပိုင်းဆိုင်ရာ ပိုမိုတိုးတက်လာစေရန် လေ့ကျင့်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ လေ့ကျင့်သားပြည့်ဝသော၊ အဂတိကင်းသော ပြည်သူချစ်သော ရဲတပ်ဖွဲ့များ ဖြစ်လာစေရန် စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ နေထိုင်ရေး အဆင်ပြေစေရန်၊၂၄နာရီ အသင့်ရှိနေစေရန်အတွက် အဆင့်ရှိသည့် ရဲတပ်ဖွဲ့အိမ်ရာများ ကို တည်ဆောက်ပေးလျက်ရှိနေကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။