Eleven Media Group

စက်သုံးဆီ ချွေတာရေး မူဝါဒဖြစ်သည့် စုံ/မစနစ်၊ ဗုဒ္ဓဟူးနေ့တိုင်း Work From Home စနစ်များကို ပြည်သူလူထုပူးပေါင်းဆောင်ရွက်ပေးစေလိုဟု နိုင်ငံတော်သမ္မတပြောကြား

စက်သုံးဆီ ချွေတာရေး မူဝါဒဖြစ်သည့် စုံ/မစနစ်၊ ဗုဒ္ဓဟူးနေ့တိုင်း Work From Home စနစ်များကို ပြည်သူလူထုပူးပေါင်းဆောင်ရွက်ပေးစေလိုဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

" မော်တော်ယာဉ်တွေကို စုံရက်/ မရက် သတ်မှတ်ပြီး မောင်းနှင်စေခြင်း၊ ဗုဒ္ဓဟူးနေ့တွင် Work From Home ဆောင်ရွက်စေခြင်းတို့နဲ့ စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ခဲ့ပါတယ်။ ဒီလိုလျှော့ချနိုင်တဲ့အတွက် တစ်နေ့ကို စက်သုံးဆီ ၁ ဒသမ ၂ ဂါလံသန်း သက်သာစေခဲ့တဲ့အတွက် တစ်နေ့ကို အမေရိကန်ဒေါ်လာ ခုနစ်သန်း၊ တလကို အမေရိကန်ဒေါ်လာ သန်း ၂၁၀ သက်သာစေခဲ့ပြီးလက်ရှိအချိန်ထိ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် သက်သာစေခဲ့ပါတယ်။ ပြည်သူလူထုကလည်း ခြိုးခြံချွေတာပြီး ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါတယ်" ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက်က ပြုလုပ်သည့်ပြည်ထောင်စုလွှတ်တော်တွင် အစိုးရသက်တမ်း ရက် ၁၀၀ ပြည့် နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

၂၀၂၄ ခုနှစ်တွင် ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် ၈၄ ဒေါ်လာပတ်ဝန်းကျင်၊ ၂၀၂၅ ခုနှစ်တွင် ၇၂ ဒေါ်လာ ပတ်ဝန်းကျင်တွင် ရှိခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်း ပဋိပက္ခဖြစ်ပွားခဲ့သည့် ၂၀၂၆ ခုနှစ် နောက်ပိုင်းတွင် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၁၂၆ ဒေါ်လာအထိ မြင့်တက်ခဲ့ကြောင်း၊ ယင်းကြောင့် စက်သုံးဆီပေါ်တွင် မှီခိုနေသည့် စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်မှာ မြင့်မားလာခဲ့ကြောင်း၊မြန်မာနိုင်ငံမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ ငါးဘီလျံ တန်ဖိုးရှိ စက်သုံးဆီများကို တင်သွင်းနေရကြောင်း၊ ယင်းအခက်အခဲကို ကျော်လွှားနိုင်ရန် စက်သုံးဆီချွေတာရေးကို အမျိုးသားရေးမူဝါဒအဖြစ် လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

" ကျွန်တော်တို့ အစိုးရအနေနဲ့ စက်သုံးဆီအပေါ်မှာ မှီခိုမှုကို လျှော့ချနိုင်ဖို့အတွက် မီးရထားကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်" ဟု နိုင်ငံတော် သမ္မတက ပြောကြားသည်။

အစိုးရသစ်၏ ရက်ပေါင်း ၁၀၀ စီမံချက်အတွင်း ရန်ကုန်- မန္တလေး၊ ရန်ကုန်- မော်လမြိုင်နဲ့ ရန်ကုန်- ပြည် ရထားများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့နိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group