Eleven Media Group

■ အစိုးရသစ်လက်ထက် ရက် ၁၀၀ စီမံချက်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့နှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

အစိုးရသစ်လက်ထက် ရက် ၁၀၀ စီမံချက်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့နှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတက အစိုးရသစ်၏ ရက်ပေါင်း ၁၀၀ စီမံချက်အတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ နိုင်ငံတော်အခြေပြမိန့်ခွန်းကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ (ဇူလိုင် ၃၁ ရက်) ပြောကြားခဲ့ပြီး ယင်းမိန့်ခွန်းတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

"ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်လှစ်ထားရှိသည်ဆိုတဲ့ ခံယူချက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) အားလုံးကို တွေ့ဆုံဆွေးနွေးဖို့ အမြဲဖိတ်ခေါ်နေပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ မထိုးရသေးတဲ့အဖွဲ့တွေအားလုံး မည်သည့်ကြိုတင်ကန့်သတ်ချက်ကိုမျှ မထားဘဲ တွေ့ဆုံဆွေးနွေးကြဖို့ EAO တွေကို ငြိမ်းချမ်းရေးအတွက် ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။ ဒါကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၃ ဖွဲ့တို့နဲ့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

၎င်းအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ကျမ်းသစ္စာကျိန််ဆိုသည့်နေ့၌ မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို အလေးထားပြီး ဦးစားပေးဆောင်ရွက်သွားမယ်ဟု ပြောခဲ့ကြောင်း၊ အစိုးရသစ်အနေဖြင့် စတင်တာဝန်ယူချိန်မှစ၍ တိုင်းပြည်တည်ငြိမ််အေးချမ်းမှုရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးဆိုသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို အရှိန်အဟုန်မြှင့် ဖော်ဆောင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

"အထူးသဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့နဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိစေဖို့အတွက် ငြိမ်းချမ်းရေးရရှိရန်မှာ မဖြစ်မနေ လိုအပ်ပါတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ပြည်သူတွေရဲ့ လူမှုစီးပွားဘဝနဲ့ နိုင်ငံ့စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရောက်ရှိနေသူတွေအား ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာရန်နှင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ရက်ပေါင်း ၁၀၀ အတွင်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ကာ ငြိမ်းချမ်းရေးတံခါးကိုလည်း ထာဝရဖွင့်လှစ်ပြီး ဖိတ်ခေါ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဆွေးနွေးသဘောတူချုပ်ဆိုခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) ၊ (၂) နှင့် (၃) တို့ကို NCA စာချုပ်အရ အတည်ပြုချက်ရယူနိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားပြီးဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ပေါ်ပေါက်လာစေရေး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်ကို ပြင်ဆင်ရန် အချက် ၄၃ ချက်ပါ ပြင်ဆင်ချက်များကိုလည်း ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

"ဒါကြောင့် ကြုံတွေ့နေရတဲ့ သဘောထားကွဲလွဲမှုတွေနဲ့ လိုလားချက်တွေကို လက်နက်ကိုင်လမ်းစဉ်နဲ့ မဖြေရှင်းဘဲ နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် နိုင်ငံရေးနည်းလမ်းနဲ့သာ အေးချမ်းစွာ ဖြေရှင်း အဖြေရှာကြဖို့ အလေးအနက်ထား ထပ်မံတိုက်တွန်းလိုပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

လက်ရှိအချိန်တွင် တိုင်းရင်းသားအားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် နိုင်ငံသစ်ကို အတူတကွ တည်ဆောက်ကြရန်လိုပြီး ယင်းညီညွတ်မှုခွန်အားသည် အနာဂတ်မျိုးဆက်သစ်များအတွက် တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းအမွေတစ်ခုအဖြစ် ကျန်ရစ်နေမည်သာဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) မှတစ်ဆင့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပြုသဘောဆောင်သော ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိနေကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်ဝန်းလုံး အမြန်ဆုံး တည်ငြိမ်ငြိမ်းချမ်းစေရန် ငြိမ်းချမ်းရေးတည်ဆောက်သည့်နေရာတွင် မဖြစ်နိုင်သည်များကို တောင်းဆိုနေမည့်အစား ခေတ်စနစ်နဲ့ ကိုက်ညီသည့် ဖြစ်သင့်သည်၊ ဖြစ်နိုင်သည်များကို ညှိနှိုင်းတောင်းဆိုကြရန်လည်း လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်နေရမည့်တာဝန်သည် အစိုးရတွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် နိုင်ငံရေးပါတီများ အပါအဝင် တိုင်းရင်းသားပြည်သူအားလုံးတို့တွင်လည်း တာဝန်ရှိသည်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရာတွင် ပြည်သူများနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကလည်း တတ်စွမ်းသရွေ့ ပူးပေါင်းဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားသည်။

မူရင်းသတင်း — Eleven Media Group