Eleven Media Group

အမေရိကန်၏ ကုန်သွယ်ရေးကန့်သတ်ချက်များကို အလွန်စိုးရိမ်မိကြောင်း တရုတ် ပြောကြား

အမေရိကန်၏ နောက်ဆုံးအကြိမ် ကုန်သွယ်ရေး ကန့်သတ်ချက်များနှင့် ပတ်သက်ပြီး တရုတ်အစိုးရက အလွန် စိုးရိမ်ပူပန်မိကြောင်း တရုတ်၏ ထိပ်တန်း ကုန်သွယ်ရေး အရာရှိက အမေရိကန် ကုန်သွယ်ရေးအရာရှိများကို ဇူလိုင် ၃၀ ရက်က ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

တရုတ်နှင့် အမေရိကန်တို့သည် ပြီးခဲ့သည့်နှစ်က ကုန်သွယ်ရေး စစ်ပွဲအရှိန်မြင့်တက်ခဲ့သော်လည်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ် သမ္မတ ရှီကျင်းပင်တို့ ပြီးခဲ့သည့်နှင့် အောက်တိုဘာလတွင် တွေ့ဆုံခဲ့ချိန်က ကုန်သွယ်ရေးစစ်ပွဲကို ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့ကြသည်။

သို့သော် လွန်ခဲ့သည့် သီတင်းပတ်က အမေရိကန်က ၎င်း၏ ကုန်သွယ်ဖက် နိုင်ငံအများစုအပေါ် စည်းကြပ်ခဲ့သည့် ကုန်သွယ်ခွန်အသစ်များကြောင့် တင်းမာမှုများ တစ်ကျော့ပြန် မြင့်တက်လာခဲ့သည်။

အတင်းအဓမ္မ အလုပ်စေခိုင်းခံရသည့် စိုးရိမ်ပူပန်မှုများကို အကြောင်းပြပြီး တရုတ်နှင့် အခြား ၅၉ နိုင်ငံအပေါ် စည်းကြပ်ခဲ့သော ကုန်သွယ်ခွန်များကို တရုတ်က ရှုတ်ချခဲ့ပြီး ကုန်သွယ်ရေး စစ်ပွဲ ဆင်နွှဲခြင်း မပြုရန် အမေရိကန်အား သတိပေးခဲ့သည်။

အကောက်ခွန်အသစ်များနှင့် မသက်ဆိုင်ဘဲ သီးခြား ပြုလုပ်ခဲ့သည့် လှုပ်ရှားမှုတစ်ခုတွင် အမေရိကန်က ပြည်ပ၌ ထုတ်လုပ်သော လူပုံစံတူစက်ရုပ်များနှင့် ခြေလေးချောင်းတပ် စက်ရုပ်များ တင်သွင်းမှုကို ပိတ်ပင်ခဲ့ပြီးနောက် အမေရိကန်သည် တရုတ် ကုမ္ပဏီများကို ဖိနှိပ်ရန် ကြိုးပမ်းနေသည်ဟု တရုတ်က ဇူလိုင် ၂၈ ရက်တွင် စွပ်စွဲခဲ့သည်။

ဇူလိုင် ၃၀ ရက်က တရုတ် ဒုတိယဝန်ကြီးချုပ် ဟီလီဖန်း၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘက်ဆန့်နှင့် အမေရိကန် ကုန်သွယ်ရေး ဝန်ကြီး ဂျေမီဆန် ဂရီယာတို့ကြား ပြုလုပ်ခဲ့သည့် ဗီဒီယို ဖုန်းခေါ်ဆိုမှုအတွင်း တရုတ်နိုင်ငံအပေါ် အမေရိကန်၏ လတ်တလော စီးပွားရေးနှင့် ကုန်သွယ်ရေး ကန့်သတ်ချက်များနှင့် ပတ်သက်ပြီး တရုတ်ဘက်က အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့သည် ဆင်ဟွာက သတင်းထုတ်ပြန်ခဲ့သည်။

ဆွေးနွေးပွဲ ပါဝင်သူများသည် တည်ငြိမ်သော စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံရေးကို ထိန်းသိမ်းရန်၊ နောက်တစ်ဆင့်တွင် နှစ်ဦးနှစ်ဖက် စိုးရိမ်ပူပန်မှုများကို သင့်လျော်စွာ ဖြေရှင်းရန် ဆွေးနွေးခဲ့ကြသဖြင့် အဆိုပါ ဖုန်းခေါ်ဆိုမှုမှာ ပွင့်လင်းမြင်သာမှုရှိပြီး အနှစ်သာရရှိကာ အပြုသဘောဆောင်ခဲ့သည်ဟု ဆင်ဟွာက ဖော်ပြခဲ့သည်။

လူမှုမီဒီယာပေါ်ရှိ ထုတ်ပြန်ချက်တစ်ခုတွင် ဘက်ဆန့်က အဆိုပါ ဖုန်းခေါ်ဆိုမှုကို အတည်ပြုခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် မြေရှားသတ္တုများနှင့် အမေရိကန် စိုက်ပျိုးရေး ထုတ်ကုန်မျာနှင့်ပတ်သက်ပြီး ၎င်း၏ ကတိကဝတ်များကို အပြည့်အဝ လိုက်နာလိမ့်မည်ဟု အမေရိကန်က မျှော်လင့်ကြောင်း အလေးပေး ပြောကြားခဲ့သည်ဟု ဆိုသည်။

"ပိုမိုဟန်ချက်ညီမှု၊ မျှတမှုရှိပြီး အပြုသဘောဆောင်တဲ့ အမေရိကန်-တရုတ် စီးပွားရေး ဆက်ဆံရေးကို ဖော်ဆောင်နိုင်ဖို့ ခိုင်မာတဲ့ တိုးတက်မှုတွေကို အာမခံနိုင်မယ့် ယန္တရားတစ်ခုအနေနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့များ ဖွဲ့စည်း အကောင်အထည်ဖော်ရေးကိုလည်း ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်" ဟု ဘက်ဆန့် က ပြောကြားခဲ့သည်။

သမ္မတ ထရန့်သည် မေလအတွင်းက တရုတ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း စက်တင်ဘာလတွင် အမေရိကန်သို့ လာရောက်လည်ပတ်ရန် ရှီအား ဖိတ်ကြားခဲ့သော်လည်း အဆိုပါ ခရီးစဉ်မှာ အတည်မပြုရသေးပေ။

တရုတ်၏ ဒုတိယဝန်ကြီးချုပ်နှင့် စကားပြောဆိုမှုသည် စက်တင်ဘာလတွင် ဖြစ်လာနိုင်မည်ဟု မျှော်လင့်ရသည့် ထရန့်-ရှီ တွေ့ဆုံပွဲအတွက် ပြင်ဆင်မှုများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း ဘက်ဆန့်က ပြောကြားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group