Eleven Media Group

ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါကြောင့် သေဆုံးသူ ၁၅၀၀ အထိရှိလာ

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (ဒီအာကွန်ဂို) အရှေ့ပိုင်းတွင် အီဘိုလာရောဂါအလွန်ကူးစက်ဖြစ်ပွားမှုကြောင့် လူ ၁၅၀၀ ထက်မနည်းသေဆုံးခဲ့ပြီး အရေးပေါ် အခြေအနေမှာ တုံ့ပြန်ဆောင်ရွက်မှု ကြိုးပမ်းချက်များထက် ပိုမို မြန်ဆန်နေသဖြင့် သီတင်းတစ်ပတ်ခန့်အတွင်း သေဆုံးသူ ၅၀ ရာခိုင်နှုန်း မြင့်တက်လာကာ ၁၅၀၀ အထိ ရှိလာခဲ့ကြောင်း ဇူလိုင် ၃၀ ရက်က ထုတ်ပြန်ခဲ့သည့် အချက်အလက်များတွင်ဖော်ပြခဲ့သည်။

အစိုးရ၏ နောက်ဆုံး ထုတ်ပြန်ချက်အရ ဇူလိုင် ၂၈ ရက်နေ့အထိ ရောဂါကူးစက်ခံရသူ ၃,၄၄၂ ဦးနှင့် သေဆုံးသူ ၁,၅၂၁ ဦး မှတ်တမ်းရှိခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်မှစ၍ ရောဂါကူးစက်ခံရသူ အရေအတွက် ရုတ်တရက် မြင့်တက်လာခြင်းမှာ အတည်ပြုရန် သို့မဟုတ် မှတ်တမ်းတင်ရန် ကျန်ရှိနေသေးသော မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရောဂါဖြစ်ပွားမှုများနှင့် သေဆုံးမှုများကြောင့်လည်း ဖြစ်ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဗဟိုဌာန (Africa CDC) က ဇူလိုင် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

မေလ ၁၅ ရက်နေ့တွင် စတင်ကြေညာခဲ့သည့် အဆိုပါ ရောဂါကူးစက်မှုသည် အတည်ပြု ကာကွယ်ဆေး သို့မဟုတ် ကုသဆေးများ မရှိသေးသည့် ဘွန်ဒီဘူဂျို ဗိုင်းရပ်စ်နှင့် ဆက်နွှယ်နေသည်။

ထိတွေ့ဆက်ဆံခဲ့သူများကို ခြေရာခံရာတွင် ကြန့်ကြာမှုများ ရှိခြင်း၊ ထိခိုက်ခံရသည့် ဧရိယာများသို့ သွားရောက်ရန် ခက်ခဲခြင်း၊ ဒေသခံ ပြည်သူများ၏ မယုံကြည်မှုများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အချို့သော ဒေသခံများ၏ အကြမ်းဖက်မှုများကြောင့် တုံ့ပြန်ဆောင်ရွက်မှုများကို အဟန့်အတား ဖြစ်စေခဲ့ကြောင်း အာဖရိက CDC က ပြောကြားခဲ့သည်။

ရောဂါကူးစက်မှုမှာ ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းရှိ ဝေးလံခေါင်သီသော အီတူရီ ပြည်နယ်တွင် အများဆုံး ဖြစ်ပွားလျက်ရှိကာ ဖြစ်စဉ် စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းနီးပါး ရှိသော်လည်း နိုင်ငံ၏ အကြီးဆုံး မြို့ကြီးများထဲမှ တစ်ခုဖြစ်သည့် ကီဆန်ဂါနီ အပါအဝင် ပြည်နယ် ငါးခုတွင်လည်း အခြားအတည်ပြု ဖြစ်စဉ်များ ရှိခဲ့သည်။

အိမ်နီးချင်း ယူဂန်ဒါနိုင်ငံသည် ဇွန်လလယ်တွင် နောက်ဆုံး လူနာအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးနောက် ဇူလိုင် ၂၈ ရက်တွင် အီဘိုလာ ရောဂါကင်းစင်ကြောင်း ကြေညာခဲ့သည်။

အီဘိုလာသည် ဖြစ်ခဲသော်လည်း ကူးစက်နိုင်ခြေ အလွန်မြင့်မားပြီး အန်ဖတ်၊ သွေး သို့မဟုတ် သုက်ရည် ကဲ့သို့သော ခန္ဓာကိုယ်ထွက် အရည်များမှတစ်ဆင့် ကူးစက်နိုင်သည်။ ယင်းရောဂါသည် ပြင်းထန်ပြီး မကြာခဏဆိုသလို အသက်အန္တရာယ် စိုးရိမ်ရသည်။

အာဖရိက CDC ညွှန်ကြားရေးမှူးချုပ် ဒေါက်တာယန်းကာဆီယာ က ပြီးခဲ့သည့် နှစ်ပတ်အတွင်း အတည်ပြုခဲ့သော သေဆုံးမှုများ၏ ၆၃ ရာခိုင်နှုန်းသည် ကုသရေး စခန်းများ၏ ပြင်ပတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင် ၃၀ တွင် ပြောကြားခဲ့သည်။

ယင်းမှာ ဒေသခံများက ရောဂါပိုးရှိသော အလောင်းများကို မဆင်မခြင် ကိုင်တွယ်ခြင်းကြောင့် အဓိကဖြစ်ကြောင်း ကာဆီယာ က ပြောကြားခဲ့သည်။

အချို့သော လူမှုအသိုင်းအဝိုင်းများ၏ ရိုးရာ အုတ်ဂူသချႋုင်းဆိုင်ရာ ဓလေ့ထုံးတမ်းများတွင် သေဆုံးသူ၏ အလောင်းကို ထိတွေ့ကိုင်တွယ်ခြင်းများ ပါဝင်နေသဖြင့် ရောဂါ ကူးစက်နိုင်ခြေ အလွန်မြင့်မားစေသည်။

Ref:AP

Photo:AFP

မူရင်းသတင်း — Eleven Media Group