
ခွဲထွက် DKBA အဖြစ် သီးသန့်ရပ်တည်ခဲ့သည့် ဗိုလ်မှူးချုပ်စောကျော်သက် အပါအဝင် တပ်ဖွဲ့ဝင် ၃၅၀ ခန့်ကို တပ်ဖွဲ့ဝင်အဖြစ် ပြန်လည်လက်ခံကြောင်း ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) က ယနေ့ (ဇူလိုင် ၃၁ ရက်) တွင် ထုတ်ပြန်သည်။
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၏ ယခင် ကလို့ထူးဝါးစစ်ကွပ်ကဲရေးတွင် စစ်ကွပ်ကဲရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်မှူးချုပ်စောကျော်သက် အပါအဝင် တပ်ဖွဲ့ဝင် ၃၅၀ ခန့်အား DKBA အဖွဲ့အစည်းနှင့် ပြန်လည်ပေါင်းစည်းခြင်းကို အသိအမှတ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဗိုလ်မှူးချုပ်စောကျော်သက်ကိုလည်း အမှတ် (၃) စစ်ကွပ်ကဲရေး၏ စစ်ကွပ်ကဲရေးမှူး တာဝန်ပြန်လည်ပေးအပ်လိုက်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ဗိုလ်မှူးချုပ်စောကျော်သက်သည် အာရှလမ်းမကြီး တိုက်ပွဲတွင် တပ်မတော်နှင့် အနီးကပ်တိုက်ခိုက်ခဲ့သည့် ကျားဖြူစစ်ကြောင်းမှူး တာဝန်ယူခဲ့ဖူးသူတစ်ဦးလည်း ဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနများက ရေးသားဖော်ပြထားသည်။
ဗိုလ်မှူးချုပ်စောကျော်သက်သည် ယခင်က DKBA ၏ ကလိုထူးဝါးစစ်ကွပ်ကဲရေးတွင် စစ်ကွပ်ကဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ထိုစဉ်က အာရှလမ်းမကြီးအနီး တပ်မတော်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းကြောင့် ယခင်စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ်က ၎င်းအား ၂၀၁၅ ခုနှစ်တွင် DKBA အဖွဲ့မှ အပြီးအပိုင် ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်းသတင်းများက ဆိုသည်။
ထို့နောက် ၎င်းတို့တပ်ဖွဲ့ဝင်များသည် ခွဲထွက် DKBA အဖြစ် သီးသန့်ရပ်တည်ခဲ့ပြီး ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့်လက်တွဲ၍ တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။