
ငြိမ်းချမ်းရေးသည် အလိုချင်ဆုံးဆန္ဒဖြစ်ပြီး တိုင်းပြည် ငြိမ်းချမ်းမှသာ တိုးတက်အောင် လုပ်ဆောင်၍ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ (ဇူလိုင် ၃၁) ရက်က ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပသည့် အစိုးရ၏ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမှုအပြီး မီဒီယာများ၏ မေးမြန်းမှုများအား ဖြေကြားရာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
"ငြိမ်းချမ်းရေးကတော့ ကျွန်တော်တို့ လိုချင်တဲ့ဆန္ဒဖြစ်ပါတယ်။ ကျွန်တော်တို့ အလိုချင်ဆုံး ဆန္ဒပါ။ တိုင်းပြည် ငြိမ်းချမ်းမှပဲ တိုင်းပြည် တိုးတက်အောင် လုပ်လို့ရမှာ။ နိုင်ငံတကာနဲ့ ရင်ဆိုင်နိုင်မှာလည်းဖြစ်တယ်"ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ကြောင့် ခေတ်ကာလနှင့် ကိုက်ညီသော အခြေအနေကို သွားနိုင်ရန်အတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များကလည်း ငြိမ်းချမ်းရေးကို မျှော်မှန်းချက်ကြီးစွာဖြင့် လုပ်ဆောင်သွားကြရန်လည်း လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
"ဖြစ်နိုင်တာတွေ ကျွန်တော်တို့ လုပ်ကြမယ်ဆိုရင် ဖြစ်ပါတယ်။ မဖြစ်နိုင်တာတွေ သွားမယ်ဆိုရင်တော့ အခက်အခဲတွေ ရှိနေကြမှာပဲဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်ငြိမ်းချမ်းရေးကတော့ ကျွန်တော်တို့ နိုင်ငံအတွက် အဓိကဦးစားပေးအချက်ဖြစ်ပါတယ်ဆိုတာ ကျွန်တော် ပြောချင်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ကြောင့် သက်ဆိုင်သူများအားလုံးကလည်း ငြိမ်းချမ်းရေးကို အသိတရားရှိရှိဖြင့် ဝိုင်းဝန်းလုပ်ဆောင်ပေးကြရန်လည်း နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။