
ပါကစ္စတန်နိုင်ငံ တောင်ပိုင်းရှိ ကျောက်မီးသွေးတွင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးအလုပ်သမား ၃၄ ဦ း သေဆုံးသွားခဲ့ပြီး ပျောက်ဆုံးနေသောအခြားလုပ်သားများကို ရှာဖွေရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေသည်ဟု ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အေဂျင်စီက ဇူလိုင် ၃၁ ရက်တွင် ပြောကြားခဲ့သည်။
မီသိန်းဓာတ်ငွေ့ကြောင့် ဖြစ်ပွားခဲ့သည်ဟု ယူဆရသောပေါက်ကွဲမှုသည်သယံဇာတကြွယ်ဝသည့် ဘာလော့ချီစတန်ပြည်နယ်၏ မြို့တော်အနီးရှိ ကျောက်မီးသွေးတွင်း၌ ဇူလိုင် ၃၀ ရက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ညလုံးပေါက်လုပ်ဆောင်ခဲ့ရသည်။
“စေလွှတ်ထားတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဆီကရရှိတဲ့ သတင်းတွေအရ အလောင်း ၃၄ လောင်း ပြန်လည်ရရှိ ထားပြီးဖြစ်ပါတယ်”ဟု ဘာလော့ချီစတန် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ဇူလိုင် ၃၁ ရက် စောစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
“ပိတ်မိနေတဲ့ကျန်ရှိတဲ့ မိုင်းလုပ်သားတွေကို ရှာဖွေကယ်ဆယ်ဖို့ ပူးပေါင်းကယ်ဆယ်ရေး အဖွဲ့တွေက ဆက်လက်ဆောင်ရွက်နေပါတယ်”ဟု ထည့်သွင်းဖော်ပြခဲ့သော်လည်း ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ကျောက်မီးသွေးတွင်းထဲ မိုင်းလုပ်သားမည်မျှရှိနေသလဲဆိုသည်ကိုမူ အတိအကျသီးခြားဖော်ပြခဲ့ခြင်း မရှိပေ။
Ref: AFP