
■ အိမ်နီးချင်းနိုင်ငံများကဲ့သို့ Property Tax ကောက်ခံမည်ဆိုပါက စုစုပေါင်းအခွန်ဝင်ငွေ၏ အနိမ့်ဆုံး ၁၀ ရာခိုင်နှုန်းခန့် နှစ်စဉ်တိုးတက်ရရှိနိုင်
■ တရားမဝင် ငွေကြေးဖြင့် ချမ်းသာနေသူများ၊ မြေစျေးကစားသူများနှင့် ငွေကြေးခဝါချမှုများအပေါ် ပြည်သူလူထု အကျိုးစီးပွားအတွက် တားဆီးကာကွယ်ဖို့ Property Tax အလျင်အမြန် ပြဌာန်းရန်လိုပြီ
■ Written By- ဇော်မင်းနိုင်
စီးပွားရေးလုပ်ငန်းကြီးတွေကအစ လုပ်ငန်းငယ်အဆုံး အခက်အခဲတွေ များစွာနဲ့ရပ်တည်နေရတဲ့ မြန်မာ့စီးပွားရေးမှာ ခေါင်းထောင်နေတဲ့လုပ်ငန်းတစ်ခုကို ပြပါဆိုလျှင် အိမ်ခြံမြေဈေးကွက်ပဲ ဖြစ်ပါတယ်။ ကျပ်သိန်းထောင်ဂဏန်းကစတင်ပြီး ကျပ်သိန်းပေါင်း သိန်းနဲ့ချီအရောင်းအဝယ်ဖြစ်နေပြီးတော့ ငွေကြေး လည်ပတ်မှု အားကောင်းနေတဲ့ ကဏ္ဍဆိုရင် အိမ်ခြံမြေကဏ္ဍပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာတော့ အိမ်ခြံမြေကဏ္ဍမှာ အရောင်းအဝယ် အနည်းငယ်ထိုင်းသွားတယ် ဆိုပေမယ့် ဈေးကွက်အခြေအနေကို စောင့်ကြည့်နေတာဖြစ်တယ်လို့ အိမ်ခြံမြေဈေးကွက်အတွင်းက သိရပါတယ်။
နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အိမ်ခြံမြေ ဈေးကွက်က အတက်ဘက်ကို ရောက်ရှိလာ ပါတယ်။၂၀၂၀ နောက်ပိုင်းမှာ ငွေကြေးဖောင်းပွမှုဖြစ်လာတဲ့အခြေအနေ၊ မငြိမ်းချမ်းတဲ့ဒေသတွေကနေ ပြောင်းရွှေ့ရောက်ရှိလာတဲ့သူတွေ၊ မန္တလေးငလျင်အပြီးမှာ သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ရတဲ့သူတွေက ရန်ကုန်မြို့ကို ပြောင်းရွှေ့လာတဲ့အတွက်ကြောင့် အိမ်ခြံမြေဈေးကွက်က ပြန်သွက်လာတယ်လို့ ဈေးကွက် ကျွမ်းကျင်သူတွေက ပြောပါတယ်။
“ နယ်ဘက်တွေမှာ မငြိမ်းချမ်းလို့ ရန်ကုန်ကို ခိုလှုံလာတဲ့သူတွေလည်းရှိတယ်။ အများစုက ရှိတာကို ရောင်းချပြီး ဒီမှာ အနည်းဆုံးတိုက်ခန်းဝယ်ကြတယ်။ ကျောက်မြောင်းလိုနေရာမျိုးဆိုရင် ရခိုင်ဘက်ကလာတဲ့သူ တွေအများကြီးပဲ။ တိုက်ခန်းတွေဝယ်ကြတယ်။ အဲ့ဒီထက် ပိုက်ဆံရှိတဲ့သူတွေကျတော့ မြို့သစ်ဖြစ်တဲ့ မြောက်ဒဂုံ လိုနေရာ၊ အရှေ့ဒဂုံလိုနေရာတွေမှာ ဝယ်ကြတယ်။ အဲ့ဒီဘက်မှာက ပေ ၄၀× ပေ ၆၀ အကွက်တွေရှိတော့ ဝယ်ကြတယ်။ အဲ့ဒါကြောင့် အိမ်ခြံမြေဈေးကွက်က အရောင်းအဝယ် သွက်လာတာ” လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။
အဲ့ဒီအပြင် အိမ်ခြံမြေဈေးကွက်ကို ဝင်ကစားတဲ့သူတွေများလာတဲ့ အခြေအနေတစ်ခုမှာရှိနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ ဈေးကစားတဲ့သူအများစုက ပါမစ်နဲ့ စလစ်မြေလိုဟာမျိုးကို အရောင်းအဝယ် လုပ်ကြတာဖြစ်ပါတယ်။
အာရှနိုင်ငံအချို့ထက်ဈေးကြီးနေတဲ့မြန်မာ့အိမ်ခြံမြေ
အာရှမှာ အိမ်ခြံမြေဈေးကောင်းတဲ့ နိုင်ငံကတော့ စီးပွားရေးအလုပ်အကိုင် ကောင်းမွန်တဲ့ ဟောင်ကောင် အိမ်ခြံမြေ ဈေးကွက်ဖြစ်ပါတယ်။ ဟောင်ကောင် အိမ်ခြံမြေဈေးကွက်မှာဆိုရင် တစ်စတုရန်းပေကို ဒေါ်လာ ၄၀၀၀ နဲ့ ၇၀၀၀ အကြားမှာရှိပါတယ်။ ထို့အတူပဲ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဆိုရင်လည်း တစ်စတုရန်းပေကို ဒေါ်လာ ၂၀၀၀ နဲ့ ၅၀၀၀ ကြားမှာရှိပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာဆိုရင် ထိုင်း၊ စင်ကာပူ အစရှိတဲ့ စီးပွားရေးအင်အားကြီးနိုင်ငံတွေရဲ့ အိမ်ခြံမြေ ဈေးက အမြင့်ဈေးမှာရှိပါတယ်။အဲ့ဒီလို ဈေးမြင့်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လို နေရာမျိုးရဲ့ အိမ်ခြံမြေ ဈေးနှုန်းထက် မြန်မာနိုင်ငံ ကမ္ဘာအေးဘုရားလမ်းပေါ်က အိမ်ခြံမြေဈေးနှုန်းက ပိုမြင့်နေပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ မြေဈေးက တစ်စတုရန်းပေကို ဒေါ်လာ ၇၀၀ နဲ့ ၁၂၀၀ ကြားမှာရှိတဲ့ အချိန်မှာ ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ အိမ်ခြံမြေဈေးက တစ်စတုရန်းပေကို ဒေါ်လာ ၁၅၅၀ အနည်းဆုံး ရှိနေပါတယ်။
အလားတူ အာဆီယံနိုင်ငံတွေထဲမှာ စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံ ကွာလာ လမ်ပူမှာဆိုရင် မြေဈေးက တစ်စတုရန်းပေကို ဒေါ်လာ ၂၅၀ နဲ့ ၅၀၀ ကြားမှာပဲရှိပါတယ်။ စင်ကာပူလို မြေရှားတဲ့ နိုင်ငံမှာဆိုရင်တော့ မာရီနာဘေးလိုနေရာမျိုးမှာဆိုရင် ဒေါ်လာ ၁၅၀၀ နဲ့ ၃၀၀၀ ကြားမှာရှိပါတယ်။
အိမ်ခြံမြေမှာဘာကြောင့်ငွေကြေးလည်ပတ်မှုအားကောင်းနေတာလဲ
နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းမှာ မငြိမ်းချမ်းတဲ့ဒေသတွေကနေ ရွှေ့ပြောင်းရောက်ရှိလာမှုနဲ့ အတူ အိမ်ခြံမြေဈေးကွက်က စတင်လှုပ်ခတ်လာပါတယ်။ အရောင်းအဝယ်တွေ သွက်လာသလို အဌားပြောင်း ရွှေ့မှုတွေလည်း ရှိလာပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ အခြားစီးပွားရေးလုပ်ငန်းတွေ အခက်အခဲနဲ့ ရင်ဆိုင်ရချိန်မှာ ငွေရှိတဲ့သူတွေက အိမ်ခြံမြေဘက်ကို စတင်ရင်းနှီးမြုပ်နှံလာကြပါတယ်။ မြန်မာစကားပုံမှာရှိတဲ့ မြေဝယ်မကျ ဆိုတဲ့အတိုင်း ကျပ်သိန်း ထောင်နဲ့ချီတဲ့အကွက်ကနေစပြီး ကျပ်သိန်းသောင်းနဲ့ချီအကွက်တွေကို ရင်းနှီးမြုပ်နှံကြပြီး ရောင်းချမှု တွေ ရှိလာတာဖြစ်ပါတယ်။
မြေကွက်တစ်ကွက်ကိုပဲ လပိုင်းအကြာမှာ ကျပ်သိန်း ရာနဲ့ချီ မြတ်သွားတဲ့သူတွေရှိသလို အချို့ဆို ထောင်နဲ့ချီမြတ်သွားတဲ့သူတွေလည်း ရှိပါတယ်။ အဲ့ဒီလို အမြတ်အစွန်းတွေရရှိတဲ့အတွက်ကြောင့် အများစုက အိမ်ခြံမြေဘက်ကို ရင်းနှီးမြုပ်နှံလာကြတဲ့အတွက် အိမ်ခြံမြေဈေးနှုန်းတွေ တရိပ်ရိပ်နဲ့ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
အခြားတစ်ဖက်မှာလည်း ငွေကြေးဖောင်းပွမှုတွေရှိလာတဲ့အတွက်ကြောင့် အမာဖြစ်တဲ့ အိမ်ခြံမြေကို လူတွေက လက်ထဲကိုင်ထားတဲ့အတွက်ကြောင့် အိမ်ခြံမြေဈေးတွေက ကျဆင်းနိုင်ခြင်းမရှိတဲ့အခြေအနေလည်း ဖြစ်ပါတယ်။ လတ်တလောမှာဆိုရင်လည်း ပိုက်ဆံရှိတဲ့သူအများစု အခြားစီးပွားရေးလုပ်ငန်းထက် အိမ်ခြံမြေကို လက်ထဲကိုင်ထားဖို့ကိုပဲ တွေးတောနေကြပြီး အကောင်အထည်ဖော်နေကြတာလည်း အများကြီးရှိပါတယ်။
■ Porperty Tax နဲ့ ထိန်းရတော့မယ့် အိမ်ခြံမြေဈေးကွက်
ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတွေထက် မြေဈေးမြင့်နေတဲ့ မြန်မာနိုင်ငံမှာ အိမ်ခြံမြေဈေးကွက်ကို ထိန်းချုပ်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ကွန်ဒိုတစ်ခု၊ အိမ်ခြံမြေတစ်ခု ဝယ်ယူမည်ဆိုပါက ဝင်ငွေခွန်ကို ပေးဆောင်ရမှာပါ။ ဝင်ငွေခွန်ကို ပေးဆောင်ထားခြင်း မရှိပါက စည်းကြပ်မှုမှ ကင်းလွတ်နေတဲ့ ဝင်ငွေတွေကို ပေးဆောင်ဖို့ ပြည်ထောင်စု အခွန်အကောက်ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
ကွန်ဒိုတစ်ခုဖြစ်စေ၊ အိမ်တစ် အိမ်ဖြစ်စေ ဝယ်ယူမည်ဆိုပါက ရာဖြတ်တန်ဖိုးအတွက် ငွေဖြူပြသရမှာ ဖြစ်ပြီးတော့ ငွေဖြူပြသနိုင်ခြင်းမရှိပါက ရာဖြတ်တန်ဖိုး ကျပ်သိန်း ၁၀၀၀ အောက်ရှိပါက သုံးရာခိုင်နှုန်း၊ သိန်း ၁၀၀၀ နှင့် ၅၀၀၀ ကြားရှိပါက ငါးရာ ခိုင်နှုန်း၊ သိန်း ၅၀၀၀ နှင့် ၁၀၀၀၀ ကြားရှိပါက ၁၀ ရာခိုင်နှုန်း၊ ကျပ် သိန်း ၁၀၀၀၀ နှင့် ၁၅၀၀၀ ကြားရှိပါ က ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၅၀၀၀ အထက်ရှိပါက ၃၀ ရာခိုင်နှုန်း အဝယ်ခွန်ပေးဆောင်ရမယ်လို့ အစိုးရက ပြဋ္ဌာန်းထားပါတယ်။တိုင်းကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့မှ နှစ်ပတ်အတွင်း မြေကွက်အတွက်တန်ဖိုး သတ်မှတ်ပြီးက သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနတွင် တံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်းနှင့် အဝယ်ခွန် ၃ ရာခိုင်နှုန်း ချလံရေး သွင်းပြီး သက်ဆိုင်ရာဘဏ်မှာ ငွေသွင်းရပါတယ်။
မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှု၊ အခွန်ရှောင်မှုတွေက အိမ်ခြံမြေတွေ၊ ကွန်ဒိုအရောင်းအဝယ်တွေမှာ အများဆုံးဖြစ်ပွားတတ်ပြီးတော့ လက်ရှိအခြေအနေမှာဆိုရင်လည်း အိမ်ခြံမြေတွေ၊ ကွန်ဒိုတွေနဲ့ မော်တော် ယာဉ်ရောင်းဝယ်ခြင်းတွေမှာ လူအများစုက ဝင်ရောက်ရင်းနှီးမြှုပ်နှံလျက်ရှိပါတယ်။
အဲ့ဒီအခြေအနေတွေကြောင့် အိမ်ခြံမြေဈေးနှုန်းတွေ မြင့်တက်လာပြီးတော့ လူအများစု လက်လှမ်း မမှီတဲ့အတွက်ကြောင့် ဈေးကစားအရောင်းအဝယ်လုပ်တဲ့သူတွေကို Property Tax နဲ့ ထိန်းချုပ်ဖို့ လိုအပ်နေ ပြီလို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
အာဆီယံ ၁၀ နိုင်ငံကို ကြည့်မယ်ဆိုရင် Property Tax ရှိတဲ့နိုင်ငံတွေက စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ လာအိုမှာဆိုရင် အကန့်အသတ်နဲ့ ရှိပါတယ်။ Property Tax မရှိတဲ့ အာဆီယံနိုင်ငံတွေက မြန်မာ၊ ဘရူနိုင်းနဲ့ ဗီယက်နမ်(ပြဌာန်းဆဲ) နိုင်ငံတွေဖြစ်ပါတယ်။ ဒါပေမယ့် ဗီယက်နမ်ကပြဌာန်းတော့မှာဖြစ်သလို ဘရူနိုင်းကလည်း နိုင်ငံကချမ်းသာပြီး subsidised တွေရှိလို့ property tax ပြဌာန်းဖို့လိုတာ မြန်မာပဲကျန်တယ်လို့ဆိုနိုင်ပါတယ်။
ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံမှာဆိုရင် နေထိုင်ဖို့အိမ်အတွက် အခွန်ကောက်မှု နည်းပါးပေမယ့် ရင်းနှီးမြုပ်နှံမှုအတွက် ဝယ်ယူထားတဲ့အိမ်တွေဆိုရင် Property Tax ပိုမိုကောက်ခံပါတယ်။
“ မြန်မာနိုင်ငံရဲ့အမြင့်ဆုံးနေရာရဲ့ ဈေးနှုန်းက ထိုင်းနိုင်ငံထက် များတယ်။ မြန်မာနိုင်ငံမှာ အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ Loan တွေက များလာပြီ။ ဒါတွေကို ပြန်စိစစ်ဖို့ လိုတယ်။ အဓိက ဘာလဲဆိုတော့ အောက်မှာ သွားပြီးတော့ Property Tax ပြဋ္ဌာန်းပေးဖို့။ တိုင်းပြည်အတွက်လည်း အကျိုးရှိသလို အများပြည်သူရဲ့ အကျိုးစီးပွားလည်း ကာကွယ်တယ်။ Property Tax က ASEAN မှာ မြန်မာအပါအဝင် ၃ နိုင်ငံပဲ ကျန်တော့တာ၊ Property Tax ကို အမြန်ဆုံး ပြဋ္ဌာန်းဖို့ လိုပါတယ်” လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် သုံးသပ်ပါတယ်။
■Porperty Tax ကိုဘယ်နိုင်ငံတွေ ကျင့်သုံးနေသလဲ
အာဆီယံ ၁၁ နိုင်ငံမှာတော့ အကုန်လုံးနီးပါးက Porperty Tax ကို ကျင့်သုံးနေပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေမှာ ကျင့်သုံးနေပြီးတော့ Porperty Tax ကို အကောင်အထည်ဖော်ဖို့ လိုအပ်နေတဲ့နိုင်ငံက မြန်မာနဲ့ ဘရူနိုင်းတို့ပဲ ကျန်ပါတော့တယ်။ အဲ့ဒီထဲကမှ ဘရူနိုင်းနိုင်ငံကဆိုရင် ချမ်းသာတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက် Porperty Tax ကို လုံးဝကောက်ခံခြင်း မရှိပါဘူး။ အခုနောက်ပိုင်း စီးပွားရေးတိုးတက်လာတဲ့ ဗီယက်နမ်နိုင်ငံဆိုရင် Porperty Tax ကိုကျင့်သုံးဖို့ စီစဉ်နေပြီဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာဆိုရင်လည်း Property Tax ကို ကောက်ခံပါတယ်။ ပြည်နယ်အလိုက် နှုန်းထား တွေက မတူကြပါဘူး။ တချို့ပြည်နယ်တွေမှာ ပိုင်ရှင်ရှိပေမယ့် အသုံးမပြုတဲ့ မြေလွတ်တွေကို စီးပွားရေး လုပ်ကိုင်လာအောင်၊ မြေအသုံးချမှုရှိအောင် အခွန်နဲ့ တွန်းအားပေးတဲ့ပုံစံမျိုး ကောက်ခံပါတယ်။
မလေးရှားမှာ အိမ်ခြံမြေတစ်နှစ်စာ ဌားရမ်းခဝင်ငွေပေါ်မှာ မူတည်ပြီး လူနေအိမ်တွေဆိုရင် အခွန်ကို ၄ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်း၊ စီးပွားရေးလုပ်ငန်းတွေဆိုရင် ၈ ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းအထိ ကောက်ခံပါ တယ်။ ကောက်ခံရရှိတဲ့အခွန်ငွေတွေက ဒေသန္တရအစိုးရရဲ့ အသုံးစရိတ်ထဲကို ထည့်သွင်းအသုံးပြုသလို ကောက်ခံတဲ့နှုန်းထားကလည်း ပြည်နယ်တစ်ခုနဲ့ တစ်ခု မတူညီပါဘူး။ ဒါပေမဲ့ တူညီတဲ့အချက်တစ်ခုကတော့ မြေခွန်ကို နှစ်ပေါင်းများစွာ မဆောင်ဘဲထားရင်တော့ အစိုးရက ပြန်သိမ်းနိုင်ပါတယ်။
ဒါ့အပြင် မလေးရှားမှာအိမ်ခြံမြေဈေးကစားတာကို ထိန်းချုပ်နိုင်အောင် အခွန်နဲ့ပဲ ထိန်းပါတယ်။ အိမ်ဝယ်ပြီး သုံးနှစ်အတွင်းမှာ ပြန်ရောင်းရင် အမြတ်အစွန်းရဲ့ ၃၀ ရာခိုင်နှုန်းကို အခွန်ဆောင်ရပါတယ်။ အိမ်ဝယ်ထားတဲ့ သက်တမ်း ငါးနှစ်ကျော်ပြီဆိုရင်တော့ အခွန်နှုန်းထားတွေက အနည်းဆုံး ၁၅ ရာခိုင်နှုန်းကနေ လျော့နည်းပြီးတော့ ပိုင်ဆိုင်မှုသက်တမ်းကြာလေလေ အခွန်လျော့လေလေဖြစ်ပါတယ်။ ဘဏ်ချေးငွေနဲ့ နောက်ထပ်အိမ်တွေ ဝယ်ယူပြီဆိုရင်တော့ မလေးရှားဗဟိုဘဏ်က ချေးငွေကို ထိန်းချုပ်ထားပါတယ်။ အိမ်တန်ဖိုးရဲ့ တဝက်ခန့်ပဲ ထုတ်ချေးတဲ့စနစ်တွေနဲ့ ထိန်းချုပ်ပါတယ်။ အဓိကကတော့ အိမ်ခြံမြေ၊ တိုက်ခန်း၊ ကွန်ဒိုတွေကို ဈေးမကစားအောင် ထိန်းချုပ်တာပဲ ဖြစ်ပါတယ်။
အလားတူ ထိုင်းနိုင်ငံမှာဆိုရင်လည်း Property Tax က နေထိုင်တဲ့အိမ်ကို ကောက်ခံတာ မရှိသ လောက်နည်းပေမယ့်၊ ရင်းနှီးမြုပ်နှံမယ့်အိမ်၊ အဌားချထားတဲ့အိမ်တွေ ကွန်ဒိုတွေဆိုရင် Property Tax ကောက်ခံပါတယ်။ ထိုင်းနိုင်ငံရဲ့ Property Tax ကို Land and Building Tax လို့ခေါ်ဆိုပြီး ၂၀၂၀ ပြည့်နှစ်မှာ စတင် အသက်ဝင်ခဲ့တာပါ။ အရင်တုန်းက House Tax နဲ့ Local Development Tax ကို အစားထိုး ထားတာ လည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ Property Tax ကို ကိုယ်တိုင်နေအိမ်၊ ဒုတိယအိမ်၊ စီးပွားရေးလုပ်ငန်းသုံး၊ လွတ်မြေ ဆိုပြီး အမျိုးအစားလေးမျိုးနဲ့ ခွဲခြားထားပါတယ်။ အခွန်ပေးရတဲ့သူတွေကတော့ မြေပိုင်ရှင်၊ အိမ်ပိုင်ရှင်၊ ပြည်တွင်း ကွန်ဒိုပိုင်ရှင်နဲ့ ကွန်ဒိုပိုင်တဲ့ နိုင်ငံခြားသားတွေဖြစ်ပါတယ်။
ကိုယ်ပိုင်နေအိမ်ကိုတော့ ဘတ် သန်း ၅၀ ကျော်မှ Property Tax ကောက်ခံပါတယ်။ ထိုင်းနိုင်ငံမှာ အိမ်နဲ့မြေ တန်ဖိုးက ဘတ် သန်း ၅၀ အောက်မှာပဲရှိတဲ့အတွက်ကြောင့် အများစုက Property Tax မပေးဆောင် ရပါဘူး။ ဒုတိယနေအိမ်၊ ဒါမှမဟုတ် ဌားရမ်းဖို့အတွက်စီစဉ်ထားတဲ့ နေအိမ်တွေ၊ ကွန်ဒိုတွေဆိုရင် Property Tax သုည ဒသမ သုည ၂ ရာခိုင်နှုန်းကနေ သုည ဒသမ ၃၀ ရာခိုင်နှုန်းအထိ ကောက်ခံပါတယ်။
ဥပမာ ကွန်ဒိုတန်ဖိုးက ဘတ် ငါးသန်းရှိတယ်ဆိုရင် Property Tax က တစ်နှစ်ကို ဘတ် တစ်ထောင် ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဟိုတယ်၊ ရှော့ပင်းမောလ်၊ စားသောက်ဆိုင်၊ စက်ရုံတွေဆိုရင် Property Tax ကို သုည ဒသမ ၃၀ ရာခိုင်နှုန်းကနေ သုည ဒသမ ၇၀ ရာခိုင်နှုန်းအထိ ကောက်ခံပါတယ်။
ထိုင်းနိုင်ငံမှာ Property Tax ကောက်ခံတာ အမြင့်ဆုံးကတော့ မသုံးဘဲထားတဲ့မြေတွေဖြစ်ပါတယ်။ မြေတွေဝယ်ထားတယ်၊ အသုံးပြုတာလည်း မရှိဘဲနဲ့ မြေဈေးကစားတာတို့ ငွေကြေးခဝါချတဲ့သူတွေ အသုံးပြုတဲ့ မြေတို့မဖြစ်အောင် Property Tax ကို ကြပ်ကြပ်မတ်မတ်ကောက်ခံပါတယ်။
အဲ့ဒီလိုမြေမျိုးဆိုရင် Property Tax ကို သုည ဒသမ ၃၀ ရာခိုင်နှုန်းကနေ စတင်ကောက်ခံပြီးတော့ သုံးနှစ်အတွင်း စီးပွားရေးလုပ်ကိုင်တာတွေ၊ ဖွံ့ဖြိုးတိုးတက်တာတွေ မရှိဘူးဆိုရင် အခွန်နှုန်းကို ထပ်တိုးပြီးတော့ အများဆုံး သုံးရာခိုင်နှုန်းအထိ ကောက်ခံပါတယ်။ ဘတ် ၁၀ သန်းတန်တဲ့မြေမျိုးဆိုရင် တစ်နှစ်ကို ဘတ် သုံးသောင်းလောက် အနည်းဆုံး အစိုးရက အခွန်ကောက်ခံပါတယ်။
အလားတူ စင်ကာပူမှာဆိုရင်လည်း Property Tax ကောက်ခံပါတယ်။ သူတို့ကောက်ခံတဲ့နှုန်း ထားကတော့ ထိုင်းနိုင်ငံထက် ပိုများပါတယ်။ ပိုင်ရှင်ကိုယ်တိုင် မနေထိုင်ဘဲ ရင်းနှီးမြုပ်နှံထားတဲ့ အိမ်ခြံမြေ တွေဆိုရင် အိမ်ရဲ့တန်ဖိုးပေါ်မှာ မူတည်ပြီး ၁၂ ရာခိုင်နှုန်းကနေ ၃၆ ရာခိုင်နှုန်းအထိ ကောက်ခံပါတယ်။
လွှတ်တော်ကပြဌာန်းပေးဖို့လိုနေပြီဖြစ်တဲ့ Property Tax
အိမ်ခြံမြေဈေးတွေ တရှိန်ထိုးမြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ လွှတ်တော်အနေနဲ့ နိုင်ငံဘဏ္ဍာရရှိစေဖို့နဲ့ မြေဈေး၊ အိမ်ဈေးတွေကို ထိန်းဖို့အပြင် ငွေဖြူငွေမည်း ခဝါချမှုတွေမရှိအောင် Property Tax ကို ပြဌာန်းပြီး ထိန်းကျောင်းဖို့ လိုအပ်နေပြီဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာဆိုရင် ပြဌာန်းလိုက်တဲ့ Property Tax က ရည်ရွယ်ချက်သုံးမျိုးနဲ့ အကောင်အထည် ဖော်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒါတွေကတော့ မြေကို အလွတ်မထားဖို့၊ အိမ်ဈေးတွေ မတန်တဆမတက်စေဖို့နဲ့ ဒေသန္တရ အစိုးရ တွေကို ကိုယ်ပိုင်ဝင်ငွေ ရရှိစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ရရှိတဲ့အခွန်ကိုလည်း ဗဟိုအစိုးရက ရယူတာ မဟုတ်ဘဲနဲ့ ဒေသန္တရ အစိုးရတွေက ရယူတာဖြစ်ပြီးတော့ ရရှိတဲ့အခွန်ငွေကိုလည်း ဒေသဖွံ့ဖြိုးရေးတွေဖြစ်တဲ့ လမ်း၊ ရေမြောင်း၊ အမှိုက်သိမ်း၊ ပန်းခြံစတဲ့ လုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုကြတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံက ကျင့်သုံးနေတဲ့ Property Tax မှာ အားသာချက်တွေက ပထမအိမ်ကို အခွန်ကင်းလွတ် ခွင့်ပေးထားတဲ့အတွက်ကြောင့် သာမန်မိသားစုများအပေါ် အခွန်ဝန်ထုပ်ဝန်ပိုး မဖြစ်စေပါဘူး။
ဒါပေမဲ့ အိမ်၊ ကွန်ဒို၊ မြေကို အကြောင်းပြုပြီး စီးပွားရေးလုပ်မယ့်သူတွေအတွက် ဒုတိယအိမ်နဲ့ ရင်းနှီး မြုပ်နှံမှုလုပ်မယ့် အိမ်တွေ၊ ကွန်ဒိုတွေကိုသာ အခွန်ပိုကောက်တာဖြစ်ပါတယ်။ ဒါ့အပြင် မြေကွက်အလွတ်ကို ဝယ်ပြီး တက်ဈေးနဲ့ ထုတ်ရောင်းတဲ့အဖြစ်မျိုးမရှိအောင်လို့ အဲ့ဒီလိုနေရာမျိုးတွေဆိုရင် အခွန်တွေကို ပိုကောက် ပါတယ်။ အဲ့ဒီလို ပိုကောက်တဲ့အတွက်ကြောင့် မြေဈေးကို ကစားမယ့်ရည်ရွယ်ချက်ရှိတဲ့သူတွေအတွက် အခွန်ရှိနေတဲ့အတွက်ကြောင့် မြေကို ကစားလို့ မရတော့ပါဘူး။
မြန်မာနိုင်ငံမှာတော့ အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ရင် ဝယ်ခွန်၊ ရောင်းခွန်ဆိုတာကို ပြဌာန်းထားပေ မယ့် ထိုင်းနိုင်ငံလို၊ မလေးရှားနိုင်ငံလို အစရှိတဲ့ အာဆီယံနိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ Property Tax က မရှိသေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက် အိမ်ခြံမြေကဏ္ဍမှာ အရောင်းအဝယ် ပြုလုပ်ထားတဲ့ Bank Statement ကို ပြသရတယ်ဆိုပေမယ့် အများစုကတော့ Cash ပေးချေမှုနဲ့ပဲ လုပ်ဆောင် နေကြတာရှိပါတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းတစ်ခုကို အိမ်ရှင်တစ်ယောက်က ဌားရမ်းထားတယ်ဆိုရင် လည်း တစ်နှစ်တစ်ခါ ဌားရမ်းခွန်ပေးဆောင်ရတာတွေရှိပါတယ်။ ဒါပေမဲ့ ငွေလုံးငွေရင်းနဲ့ ဝယ်ယူမှုတွေရှိနေတဲ့ အိမ်ခြံမြေမှာတော့ ဈေးကစားမယ့်သူတွေ၊ ငွေကြေးခဝါ ချမယ့်သူတွေမရှိအောင် တားဆီးနိုင်မယ့် Property Tax ကတော့ မရှိသေးပါဘူး။
မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ့် Property Tax ကတော့ ထိုင်းနိုင်ငံက ပြဌာန်းထားတဲ့ Property Tax ကို နမူနာယူသင့်တယ်လို့ ဆိုရမှာဖြစ်ပြီးတော့ စီးပွားရေးအတွက်လည်း အသုံးချနိုင်ခြင်းမရှိတဲ့မြေတွေ၊ လူနေထိုင် ခြင်းလည်းမရှိတဲ့မြေတွေကို ဈေးကစားဖို့ တခုတည်းအတွက်နဲ့ ကိုင်ထားမယ့်သူတွေ၊ ငွေဖြူငွေမည်း အသွင်ပြောင်းဖို့ ကြိုးစားနေတဲ့သူတွေကို တားဆီးနိုင်မယ့် စနစ်တစ်ခုလည်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံဆိုရင် အစိုးရရဲ့ ဝင်ငွေခွန်ကောက်ခံရရှိတဲ့အထဲမှာ Property Tax ကရရှိတဲ့ အခွန်က ၂ ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းပဲ ရှိပါတယ်။ အများစုကို ဒေသန္တရအစိုးရအဖွဲ့တွေရဲ့ ဖွံ့ဖြိုးရေးအသုံးစရိတ်ထဲ မှာ ထည့်သွင်းပေးထားလို့ဖြစ်ပါတယ်။ စင်ကာပူမှာဆိုရင်လည်း Property Tax ကို ထိုင်းနိုင်ငံထက် ပိုကောက်ခံပေမယ့် စင်ကာပူအစိုးရရဲ့ အဓိက အကြီးဆုံးအခွန်ဝင်ငွေတစ်ခု မဟုတ်ပါဘူး။ ၂၀၂၄-၂၀၂၅ ခုနှစ် စင်ကာပူအစိုးရရဲ့ စုစုပေါင်း အခွန်ဝင် ငွေမှာဆိုရင် Property Tax ကရရှိတဲ့အခွန်က ၇ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းပဲ ရှိပါတယ်။
“ ပိုက်ဆံများများရှိတဲ့သူက ပိုက်ဆံနည်းနည်းပဲ ဆောင်ရမယ်ပေါ့။ ဒါက Basic Concept ပေါ့။ ထို့အတူပဲ အိမ်များများရှိတဲ့သူသည် အိမ်တစ်လုံးပဲရှိတဲ့သူက အခွန်ကို ပိုဆောင်ရမယ်။ ဒါက အဲ့ဒီလမ်းကြောင်း ကို သွားရမယ်။ ဒုတိယက ဘာလဲဆိုတော့ ကျွန်တော်တို့သည် ကောက်သင့်တဲ့အခွန်၊ ရသင့်တဲ့အခွန်ကို မကောက် ရင် မကောက်သင့်တဲ့အခွန်တွေ ပေးရလိမ့်မယ်။ ဥပမာ နိုင်ငံတော်တစ်ခုကို Run ဖို့က ဒေါ်လာ ၁၀၀ ဘီလျံလိုတယ်ဆိုရင် အခွန်ပေါင်းများစွာက ဖြည့်ဆည်းရလိမ့်မယ်။ Commercial Tax တွေ၊ Income Tax တွေ အစရှိသဖြင့်ပေါ့။ ထားပါဦး အခွန်တွေကောက်တာ နည်းသွားရင် ဘယ်လိုဖြည့်ဆည်းမလဲ။ အခုလို Property Tax ရှိခြင်းအားဖြင့် နိုင်ငံကို ပံ့ပိုးပေးနိုင်လိမ့်မယ်။ နောက်ပြီးတော့ Property Tax ကောက်ခြင်းအားဖြင့် ဆင်းရဲတဲ့သူတွေ၊ နွမ်းပါးတဲ့သူတွေကို ဘာမှ မထိခိုက်ဘူး။ ဘာလို့ဆို သူက ပထမအိမ်ကို မကောက်ဘူး။ တချို့ Develop ဖြစ်တဲ့နိုင်ငံတွေမှာတော့ ကောက်တာရှိတယ်။ ဒါပေမဲ့လည်း အများကြီးမကောက်ဘူး။ ပြီးတော့ အိမ်ခြံမြေမှာ ရင်းနှီးမြုပ်နှံတယ်ဆိုတာ တိုင်းပြည်ရဲ့ Economic ကို မတက်လာဘူး။ အိမ်ပဲဝယ်ပြီး ဌားစားတာ၊ ပစ်ထားပြီး ဈေးအတက်ကိုစောင့်နေတာတွေက ဘယ်လိုမှနိုင်ငံအတွက် မတိုးတက်ဘူး။ ဥပမာ- စက်ရုံဆောက်ပြီး Product လုပ်မလား၊ အိမ်ပဲဝယ်မလားဆို နိုင်ငံအတွက်က စက်ရုံဆောက်ပြီး Product လုပ်တာက ပိုကောင်းတယ်။ ဝန်ထမ်းတွေ ခန့်ထားပြီး ထုတ်ကုန်လုပ်တာ တိုင်းပြည်ရဲ့ GDP လည်းတက်တယ်။ အိမ်တစ်လုံး ဒါမှမဟုတ် ကွန်ဒိုတစ်လုံးဝယ်ပြီး ဌားစားတယ်ဆိုတာက GDP မတက်ဘူး။ ဒါကတိုင်းပြည် ချမ်းသာမှုကို လုံးဝမတိုးပွားစေဘူး။ အဲဒါဆိုတော့ ကျွန်တော်တို့က ပိုက်ဆံရှိတိုင်း အိမ်ဝယ်၊ ရွှေဝယ်တာကို မလုပ်အောင် လုပ်ရမှာပေါ့။ Property Tax ကောက်မယ်ဆိုရင် လူတွေက စဉ်းစားလာတော့မယ်။ အဲ့ဒါဆို ကျန်တဲ့ အိမ်ခြံမြေဈေးတက်တာတို့ ဘာတို့ကို ထိန်းချုပ်ပြီးသားဖြစ်သွားမယ်။ Property Tax ကို အမြန်ဆုံး အကောင်အထည်ဖော်သင့်တယ်”လို့ လှိုင်သာယာအရှေ့ပိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်းက ပြောပါတယ်။
လက်ရှိမှာ တိုင်းပြည်ရဲ့နယ်စပ်စီးပွားရေးကရရှိတဲ့အခွန်၊ သူပုန်ထိန်းချုပ်နယ်မြေတွေမှာ ရောက်ရှိနေတဲ့ သယံဇာတကနေရရှိတဲ့အခွန်တွေ လျော့နည်းလာချိန်မှာ Property Tax ကို အမြန်ဆုံးပြဌာန်းသင့်နေပြီဖြစ်ပါ တယ်။ Property Tax က ထိုင်းနိုင်ငံမှာ တနိုင်ငံလုံး စုစုပေါင်းအခွန်ရဲ့ ၂ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းအကြား၊ စင်ကာပူနိုင်ငံမှာဆိုရင် ၇ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအကြား ရရှိနေပြီးတော့ မြန်မာနိုင်ငံမှာဆိုရင်တော့ အနိမ့်ဆုံးသတ်မှတ်ချက်နဲ့ ကောက်ခံမယ်ဆိုရင်တောင် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအကြား ရရှိနိုင်ပါ တယ်။
လတ်တလောမှာဆိုရင် ထိုင်းနိုင်ငံက အကောင်အထည်ဖော်ထားတဲ့ Property Tax က မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့လည်း ကိုက်ညီနိုင်မယ်လို့ ဆိုနိုင်ပါတယ်။ ပထမအိမ်ကို အကာအကွယ်ပေးထားပြီး ဒုတိယအိမ်၊ စီးပွားရေးသုံးအိမ်ခြံမြေနှင့် လွတ်မြေများကို ပိုမိုအခွန်ကောက်သည့်ပုံစံက မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေး၊ လူမှုအခြေအနေတွေနဲ့ ပိုမိုလိုက်ဖက်နိုင်ပါတယ်။
“ အခုက အိမ်ခြံမြေမှာပဲ ရင်းနှီးမြုပ်နှံနေတော့ ကုန်ထုတ်လုပ်ငန်းမှာ မလုပ်တော့ဘူး။ ဘယ်လိုသိသာ သလဲဆိုရင် လှိုင်သာယာတို့ ရွှေပြည်သာတို့မှာ တချို့စက်ရုံတွေ ပိတ်သွားတယ်။ တချို့လုပ်ငန်းတွေ မလုပ်ကြ ဘူး။ အဲ့ဒီက မြေကွက်တွေကို ရောင်းစားဖို့ပဲ ကြံနေတယ်။ မြေဈေးတွေ တက်လာတော့။ လာရင်းနှီးမြုပ်နှံကြ တာကလည်း တရုတ် တွေလောက်ပဲရှိတော့တယ်။ အဲ့ဒီလိုဆိုတော့ ကြားထဲမှာ ခံရမှာက သာမန်လက်လုပ် လက်စားတွေပဲ။ ပြီးတော့ ဘဏ်တချို့က အလျင်အမြန်ကြီးထွားအောင် Home Loan တွေကို ချပေးနေတာ တွေရှိ မရှိ အဲ့ဒါတွေကို ဗဟိုဘဏ်က စိစစ်သင့်တယ်။ Loan တွေ လုပ်ထုံးလုပ်နည်းနဲ့မညီ အကြီးအကျယ် ချပေးနေတဲ့အတွက် အရေးယူရတာတွေရှိတယ်။ အဲဒီတော့ ဘယ်ဘဏ်တွေ လုပ်နေသလဲဆိုတာကို စစ်ဆေး သင့်တယ်။ ဟိုတုန်းကဆို ပထမ Home Loan တွေကြောင့်မို့လို အာရှဓနဘဏ် ပိတ်ရတယ်။ ဒုတိယ ဆာ့ချ်ပန်းရဲ့ ရိုးမဘဏ် စစ်ဆေးခံရတယ်။ အခုဆိုရင် အိမ်ခြံမြေဈေးကွက်မှာ မတရားသဖြင့် Home Loan တွေ ချပေးတာနဲ့ ပတ်သက်ပြီး ဘယ်ဘဏ်တွေက လှုပ်ရှားနေသလဲဆိုတာ စစ်ဆေးသင့်တယ်။ တခုခု ဖြစ်လာ ပြီဆိုရင် ပုဂလိကဘဏ်ထဲက ပြည်သူ့ငွေတွေ ဆုံးရှုံးသွားနိုင်တယ်” လို့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောကြားပါတယ်။
Property Tax ကို အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေအတွက် ဖိစီးမှုရှိမယ့်အရာတစ်ခု မဟုတ်ပါဘူး။ အိမ်ခြံမြေဈေးကစားမယ့်သူတွေ၊ ငွေကြေးခဝါချမယ့်သူတွေကို တားဆီးနိုင်မယ့် အရာ တစ်ခုလည်းဖြစ်ပါတယ်။ Property Tax ကိုပြဌာန်းမယ်ဆိုရင် တိုင်းပြည်ရဲ့ အခွန်ဘဏ္ဍာကလည်း နှစ်စဉ် အနိမ့်ဆုံး ၁၀ ရာခိုင်နှုန်း တိုးတက်ရရှိနိုင်ပြီးတော့ အိမ်ခြံမြေစျေးကွက်မှာ ဝင်ကစားတဲ့သူတွေ၊ ငွေကြေးခဝါချမှု လုပ်ဆောင်မယ့်သူတွေကိုလည်း တားဆီးနိုင်ပြီးတော့ အများပြည်သူအကျိုးစီးပွားကို ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။