Eleven Media Group

■ DKBA ထိန်းချုပ်နယ်မြေအတွင်း ငွေလိမ်စင်တာ အများအပြား လည်ပတ်ခွင့်ပြုထားခြင်းကြောင့် DKBA ခေါင်းဆောင်းများကို EU က ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၏ ထိန်းချုပ်နယ်မြေအတွင်း ငွေလိမ်စင်တာ အများအပြား လည်ပတ်ခွင့်ပြုထားခြင်းကြောင့် DKBA ခေါင်းဆောင်များကို ဥရောပသမဂ္ဂ (EU) က ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဥရောပသမဂ္ဂ (EU) က ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ ခေါင်းဆောင်ပိုင်းများဖြစ်ကြသည့် စောဆန်းအောင်၊ စောကျော်လှ၊ စောစတီး၊ စောစိန်ဝင်း၊ စောအိလိထူးတို့ ထည့်သွင်းထားကြောင်း ဇူလိုင် ၃၀ ရက်က ထုတ်ပြန်သည့် ဥရောပသမဂ္ဂ (EU) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရှေ့တောင်အာရှငွေလိမ်စင်တာများတွင် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသည့် DKBA အပါအဝင် လူပုဂ္ဂိုလ် ခုနစ်ဦးနှင့် အဖွဲ့အစည်း သုံးခုကို ဒဏ်ခတ်ပိတ်ဆို့သည့် စာရင်းထဲတွင် EU က ထည့်သွင်းလိုက်ခြင်းလည်း ဖြစ်သည်။

DKBA က ငွေလိမ်စင်တာများကို အကာအကွယ်ပေးပြီး ရာဇဝတ်ဂိုဏ်းများကို လည်ပတ်စေကြောင်း၊ ထို့ပြင် တပ်ဖွဲ့ဝင်များအနေဖြင့်လည်း ငွေလိမ်စင်တာများတွင် လူကုန်ကူးခံရသူများအပေါ် အကြမ်းဖက်ရာတွင် ပါဝင်ပတ်သက်နေကြောင်း EU ၏ ထုတ်ပြန်ချက်တွင် စွပ်စွဲထားသည်။

ထို့ကြောင့် ယခုဒဏ်ခတ်ပိတ်ဆို့သည့် စာရင်းတွင် ထည့်သွင်းခံရသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းထားမည်ဖြစ်ကြောင်းနှင့် EU အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံသားများနှင့် ကုမ္ပဏီများကိုလည်း လက်တွဲလုပ်ကိုင်ခြင်းမှ တားမြစ်လိုက်ကြောင်း EU က ဆိုသည်

ထို့ပြင် EU က ဒဏ်ခတ်ပိတ်ဆို့လိုက်သည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များသည် EU အဖွဲ့ဝင်နိုင်ငံများသို့ ဝင်ရောက်ခွင့် ရမည်မဟုတ်ပေ။

EU ၏ ထုတ်ပြန်ချက်အရ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) အပြင် Prince Holding Group နှင့် ဥက္ကဋ္ဌ ချန်ကျီ၊ Jin Bei Group နှင့် ဥက္ကဋ္ဌ Zhu Zhongbiao တို့ကိုလည်း ထည့်သွင်းထားသည်ကို တွေ့ရသည်။

EU က ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းလိုက်သည့် Prince Holding Group သည် ကမ္ဘောဒီးယားနိုင်ငံတွင် အခြေစိုက်သည့် ဒေါ်လာဘီလျံနှင့်ချီ တန်ဖိုးရှိသော စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်ပြီး ၎င်းတို့သည် ကြားခံကုမ္ပဏီအမျိုးမျိုးမှတစ်ဆင့် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် လိမ်လည်လှည့်ဖြားမှုလုပ်ငန်း လုပ်ကိုင်သည့် စင်တာများကို တည်ဆောက်လျက်ရှိကြောင်း၊ အဆိုပါစင်တာများသည် Cryptocurrency ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိမ်လည်မှုများနှင့် အခြားသော လိမ်လည်လှည့်ဖြားသည့် လုပ်ငန်းစဉ်များကို ကျူးလွန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဤစင်တာများအတွင်း၌ နိုင်ငံအသီးသီးမှ သားကောင်ဖြစ်သူ အများအပြားကို လူကုန်ကူးခံရခြင်း သို့မဟုတ် လိမ်လည်လှည့်ဖြား ခေါ်ဆောင်ခံရခြင်းများ ရှိခဲ့ပြီး ၎င်းတို့၏ ဆန္ဒမပါဘဲ ထိန်းသိမ်းခံထားရကာ ကမ္ဘာတစ်ဝန်းရှိ လူများကို ပစ်မှတ်ထားသည့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို လုပ်ကိုင်ရန် အတင်းအကျပ် စေခိုင်းခံရလေ့ရှိကြောင်း၊ ထို့ပြင် အဆိုပါစင်တာများတွင် အလုပ်လုပ်ကိုင်နေရသည့် သားကောင်များက ၎င်းတို့အနေဖြင့် စင်တာများအတွင်း၌ အနိုင်ကျင့်ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ ပြန်ပေးဆွဲခံရခြင်းနှင့် တရားမဝင် ထိန်းသိမ်းခံထားရခြင်းများ ရှိကြောင်း ပြောကြားထားသည်ဟု EU ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ ဥရောပသမဂ္ဂ (EU) က ပိတ်ဆို့အရေးယူမှုစာရင်းတွင် ထည့်သွင်းလိုက်သည့် Jin Bei Group မှာလည်း ကမ္ဘောဒီးယားနိုင်ငံတွင် Cryptocurrency ရင်းနှီးမြှုပ်နှံမှု၊ လိမ်လည်မှုများနှင့် အခြားသော လိမ်လည်လှည့်ဖြားမှုများ ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ကာစီနိုရုံများနှင့် လိမ်လည်မှုကျူးလွန်ရာ စင်တာများ (Scam Centre Compounds) ကို တည်ဆောက်လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်ကြောင်း EU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူရင်းသတင်း — Eleven Media Group