Eleven Media Group

ကလေး - တမူး ဆက်သွယ်ရေးလမ်းကြောင်းနှင့် ကလေးဝ - ယာကြီး - မုံရွာ ဆက်သွယ်ရေးလမ်းကြောင်းများကို  တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ဖွင့်လှစ်

ကလေး - တမူး ဆက်သွယ်ရေးလမ်းကြောင်းနှင့် ကလေးဝ - ယာကြီး - မုံရွာ ဆက်သွယ်ရေးလမ်းကြောင်းများကို တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၊ မိုရ်ရေးမြို့မှ မြန်မာနိုင်ငံကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ၁၄၀၀ ကီလိုမီတာ (၈၄၅) မိုင်ရှည်လျားမည့် သုံးနိုင်ငံနယ်စပ်ဖြတ်ကျော် လမ်းမကြီးစီမံကိန်းအား ရာနှုန်းပြည့်ပြီးစီးရေးအတွက် ဒေသခံပြည်သူလူထုတို့နှင့်အတူ ပူးပေါင်း၍ ဦးစားပေးဆောင်ရွက်လျက်ရှိရာ အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံကုန်သွယ်ရေးအတွက် အရေးပါသည့်လမ်းကြောင်းမှ လမ်းပိုင်းများဖြစ်သော အကြမ်းဖက်များ ယာယီစိုးမိုး ထိန်းချုပ်ထားသည့် ကလေးဝ - ယာကြီး - မုံရွာလမ်းကြောင်းတစ်လျှောက်အား ၂၀၂၆ ခုနှစ် ဇူလိုင် ၇ ရက်တွင်လည်းကောင်း၊ ဇူလိုင် ၃၁ ရက်တွင်လည်း ကလေး - တမူးလမ်းကြောင်းတစ်လျှောက်ကိုလည်းကောင်း အပြည့်အဝပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်သည့်အတွက် အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းကြီးအား အလုံးစုံပြန်လည်အသုံးပြု သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေး- တမူးလမ်းကြောင်းနှင့် ကလေးဝ-ယာကြီး-မုံရွာလမ်းကြောင်းများသည် မြန်မာနိုင်ငံ အနောက်မြောက်ဘက်ဒေသကို အိန္ဒိယနိုင်ငံနှင့် ချိတ်ဆက်ပေးသည့် အရေးပါသော ကုန်းလမ်းဆက်သွယ်ရေးလမ်းကြောင်းများဖြစ်ပြီး ဒေသတွင်းသယ်ယူပို့ဆောင်ရေးသာမက နယ်စပ်ကုန်သွယ်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာချိတ်ဆက်ဆောင်ရွက်မှုတို့အတွက် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်သော လမ်းကြောင်းများဖြစ်ကြောင်း၊ အဆိုပါ လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကုန်စည်များအား ပြည်ပနိုင်ငံများသို့ ပို့ဆောင်ခြင်းနှင့် ပြည်ပနိုင်ငံများမှ ကုန်စည်များကိုလည်း မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်တင်သွင်းခြင်းများကို လုပ်ဆောင်လျက်ရှိပြီး ဒေသခံပြည်သူများ၏ နေ့စဉ်အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အထောက်အကူဖြစ်စေရုံသာမက လမ်းကြောင်း၏တည်ရှိမှုသည် ခရီးသွားလာရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း အကျိုးပြုသည့် လမ်းကြောင်းတစ်ခု ဖြစ်ကြောင်စ သိရသည်။
ထိုသို့ ဒေသအဆင့်သာမက နိုင်ငံအဆင့်စီးပွားရေးနှင့် ဆက်သွယ်ရေးကဏ္ဍများတွင် အရေးပါသည့် ကလေးဝ-ယာကြီး-မုံရွာလမ်းကြောင်းနှင့် ကလေး - တမူးလမ်းကြောင်းများအား NUG၊ CRPH အဖွဲ့များ၏ စေခိုင်းမှုဖြင့် PDF ပူးပေါင်းအဖွဲ့များသည် ၂၀၂၄ ခုနှစ်မှစတင်၍ ယာယီစိုးမိုးပိတ်ဆို့ကာ အဆိုပါလမ်းကြောင်းတစ်လျှောက် သွားလာနေကြသည့် ကုန်တင်ယာဉ်များနှင့် ခရီးသွားယာဉ်များအား ဆက်ကြေးများ ကောက်ခံခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကုန်ပစ္စည်းများအား လုယက်ယူဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်များက ယာယီစိုးမိုးထားသော ကလေး-တမူး ဆက်သွယ်ရေးလမ်းကြောင်းနှင့် ဆက်စပ်နေသည့် ကလေးဝ-ယာကြီး-မုံရွာလမ်းကြောင်းတစ်လျှောက်အား ဦးစွာ ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် စုဖွဲ့ပြင်ဆင်မှုများ ဆောင်ရွက်ပြီး ၂၀၂၆ ခုနှစ် ဇွန်လ ၂ ရက်နေ့မှစ၍ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၇ ရက်တွင် အဆိုပါလမ်းပိုင်းအား အပြည့်အဝပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သမားများ ယာယီစိုးမိုးထားသော ပြန်လည်ထိန်းချုပ်သိမ်းပိုက်ရန် ကျန်ရှိနေသေးသည့် ကလေး - တမူး ဆက်သွယ်ရေးလမ်းကြောင်းနှင့် အဆိုပါဒေသများအား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် စုဖွဲ့ပြင်ဆင်မှုများ ဆောင်ရွက်ပြီး စစ်ကြောင်းများခွဲ၍ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ၂၀၂၆ ခုနှစ် ဇွန်လ ၇ ရက်နေ့မှစပြီး ဆက်လက်ဆောင်ရွက်ခဲ့ရာ တမူးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ဇွန်လ ၁၀ ရက်နေ့တွင် နန်းမွတ်တားကျေးရွာနှင့် ရန်လင်းဖိုင်ကျေးရွာတို့အား သိမ်းပိုက်ရရှိခဲ့ပြီး ရန်လင်းဖိုင်ကျေးရွာနှင့် အဆိုပါဒေသတစ်ဝိုက်တွင် အထောက်အကူပြုဖြတ်တောက်ပိတ်ဆို့၍ ရန်သူကို ရင်ဆိုင်ထိန်းချုပ်ထားခဲ့ကြောင်း၊ ကလေးမြို့မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည်လည်း ဇွန်လ ၁၀ ရက်တွင် အရှေ့ခုံသာကျေးရွာ၊ ၅၆ မိုင်ကျေးရွာ၊ ၅၅ မိုင်ကျေးရွာတို့အားလည်းကောင်း၊ ဇွန်လ ၁၁ ရက်တွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မျဉ်းအနီးရှိ အကြမ်းဖက်များ အခြေပြုနေထိုင်သည့် အခိုင်အမာ တည်ဆောက်ထားသောစခန်းအားလည်းကောင်း၊ ဇွန်လ ၁၃ ရက်တွင် ရာဇဂြိုဟ်ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၁၄ ရက်တွင် ရာဇဂြိုဟ်ရေလှောင်တမံအား လည်းကောင်း၊ ဇွန်လ ၁၅ ရက်တွင် ရန်မျိုးအောင်ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၁၆ ရက်တွင် စော်ဘွားရေရှင်ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၁၇ ရက်တွင် ကျွန်းတောရေရှင်ကျေးရွာအား လည်းကောင်း၊ ဇွန်လ ၁၉ ရက်တွင် ခွန်နိုင်းကျေးရွာနှင့် နန်းခေါက်ခေါက်ကျေးရွာတို့အားလည်းကောင်း၊ ဇွန်လ ၂၀ ရက်တွင် ခါမ်းပါတ်မြို့အားလည်းကောင်း၊ ဇွန်လ ၃၀ ရက်တွင် ကျွန်းတောရေရှင်ကျေးရွာအနီး ရန်သူ့စခန်းနေရာတစ်ခုနှင့် ခါမ်းပါတ်မြို့မြောက်ဘက်ရှိ ကနန်ကျေးရွာအားလည်းကောင်း၊ ဇူလိုင်လ ၂၁ ရက်တွင် ကမ္မကြီး (ချင်း) နှင့် ကမ္မကြီး (ဗမာ) ကျေးရွာများအား လည်းကောင်း၊ ဇူလိုင်လ ၂၇ ရက်တွင် ထင်းဇင်ရွာသစ်နှင့် ရွာဟောင်းတို့အားလည်းကောင်း၊ ဇူလိုင်လ ၂၈ ရက်တွင် ဘုတ်ကန်ကျေးရွာအားလည်းကောင်း၊ ဇူလိုင်လ ၃၀ ရက်တွင် နှစ်ဘက်စစ်ကြောင်းများသည် ဝိတုတ်ကျေးရွာ၊ တီးတိန်ယံကျေးရွာ၊ ရန်တိုင်းအောင်ကျေးရွာနှင့် တွဲဘန်ကျေးရွာတို့အားလည်းကောင်း အဆင့်ဆင့်ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ကာ အကြမ်းဖက်အဖွဲ့များသည် ထိခိုက်သေဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားကြပြီး အကြမ်းဖက်များ ယာယီစိုးမိုးထားသော ကလေး-တမူး ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးကို ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည့်အတွက် အိန္ဒိယ -မြန်မာ - ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေးအတွက် အရေးပါသည့် မုံရွာ-ယာကြီး-ကလေးဝ-ကလေးတမူး လမ်းကြောင်းတစ်လျှောက်အား အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဆက်သွယ်ရေးလမ်းကြောင်းများအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များ၊ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော တမူးမြို့မှတစ်ဆင့် ကလေး၊ မုံရွာမြို့နှင့် မန္တလေးမြို့အထိ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်စည်စီးဆင်းမှုနှင့် ဒေသတွင်း ကုန်စည်ပို့ဆောင်မှုများတွင် အခက်အခဲမရှိ ပြန်လည်အသုံးပြုသွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး-တမူးဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် စစ်ဆင်ရေးကာလအတွင်း အကြမ်းဖက်များနှင့် တိုက်ပွဲကြီး/ ငယ် စုစုပေါင်း ၇၈ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်များ၏ အလောင်းများ၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ကျဆုံးခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြာင်းများအနေဖြင့် အဆိုပါဒေသများရှိပြည်သူများ ၎င်းတို့၏ မြို့/ရွာများတွင် အမြန်ဆုံးပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်းစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို ချွတ်ခြုံကျစေသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် အကြမ်းဖက်များအား အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism Operation) ဖြင့် လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group