
အိန္ဒိယနိုင်ငံတွင် ကဖိန်းဓာတ် မြင့်မားစွာပါဝင်သော အချိုရည်များကို အားဖြည့်အချိုရည် (energy drinks) ဆိုသည့် အသုံးအနှုန်းဖြင့် ရောင်းချခြင်းမပြုရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြခဲ့သည်။
အိန္ဒိယတွင် အဆိုပါ ထုတ်ကုန်များအတွက် စံချိန်စံညွှန်းများ သတ်မှတ်ထားခြင်း မရှိကြောင်း၊ အဖျော်ယမကာတစ်ခုသည် ခန္ဓာကိုယ်နှင့် စိတ်ဓာတ်ကို လန်းဆန်းစေသည် သို့မဟုတ် အားပြည့်စေသည်ဆိုသည်h ပြောကြားချက်များသည် လှည့်ဖြားမှုဖြစ်ကြောင်း အဖျော်ယမကာကုမ္ပဏီများကို အကြောင်းကြားစာ ထုတ်ပြန်ခဲ့သည်ဟု အိန္ဒိယ အစားအစာ ဘေးကင်းလုံခြုံရေး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဇူလိုင်လဆန်းတွင် လူမှုကွန်ရက်၌ ပြောကြားခဲ့သည်။
သို့သော် ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကိုမူ ထပ်မံဖော်ပြထားခြင်း မရှိပေ။
လျှို့ဝှက်စာရွက်စာတမ်းများနှင့် အဆိုပါကိစ္စရပ်ကို သိရှိသူများ၏ ပြောကြားချက်အရ အိန္ဒိယ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စံချိန်စံညွှန်းအာဏာပိုင်အဖွဲ့ (FSSAI) ၏ သီးသန့်ထုတ်ပြန်သည့် သတင်းစကားသည် ပိုမိုတင်းမာခဲ့ပြီး Pepsi၊ Red Bull၊ Monster Beverage၊ အိန္ဒိယသန်းကြွယ်သူဌေး မူကက်ရှ် အမ်ဘာနီ၏ Reliance နှင့် Hell Energy တို့အနေဖြင့် အားဖြည့်အချို့ရည် သို့မဟုတ် ထိုစကားလုံးနှင့် ဆင်တူသော အသုံးအနှုန်းများကို အသုံးမပြုရန် အကြောင်းကြားခဲ့သည်ဟုဆိုသည်။
ယခုကဲ့သို့ အရေးယူဆောင်ရွက်မှုသည် အချိုရည်ကို သောက်သုံးလိုက်ပါက ချက်ချင်းအားပြည့်စေလိမ့်မည်ဟု ကြော်ငြာထားသည့် အချိုရည်အမှတ်တံဆိပ်များကို ထိခိုက်စေနိုင်ပြီး ရောင်းအားလည်း ကျဆင်းလိမ့်မည်ဟု စိုးရိမ်နေသည့် ကုမ္ပဏီများနှင့် ထိပ်တိုက်တွေ့မှု ဖြစ်စေခဲ့သည်။
ဇူလိုင် ၂၁ ရက်က စက်မှုလုပ်ငန်းဆိုင်ရာ အဆင့်မြင့် အရာရှိများနှင့် ပြုလုပ်ခဲ့သည့် တံခါးပိတ် အစည်းအဝေးတွင် FSSAI ၏ စီမံခန့်ခွဲရေးအရာရှိချုပ် ရာဂျစ် ပွန်ဟာနီက အဖျော်ယမကာကုမ္ပဏီများအနေဖြင့် အဆိုပါ ဆုံးဖြတ်ချက်ကို တရားရုံးတွင် စိန်ခေါ်ခွင့် ရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းမြစ်နှစ်ဦးက ပြောကြားခဲ့သည်။
FSSAI နှင့် ပွန်ဟာနီတို့သည် ရိုက်တာသတင်းဌာန၏ မေးမြန်းမှုများကို အကြောင်းပြန်ကြားခြင်းမရှိခဲ့သကဲ့သို့ Pepsi နှင့် အခြား အဖျော်ယမကာကုမ္ပဏီများကလည်း မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။
အားဖြည့်အချို့ရည်များတွင် ကဖိန်းဓာတ်၊ သကြားနှင့် အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်သည့် တော်ရင်းတို့ မြင့်မားစွာ ပါဝင်နေသည့်အတွက် ကမ္ဘာတစ်ဝန်းရှိ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အစည်းများကြား ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ပေါ်ပေါက်စေခဲ့သည်။
Ref: Reuters