Eleven Media Group

■ ■ လေပြင်းများတိုက်ခတ်နေချိန် ကမ်း‌ခြေအပန်းဖြေစခန်းကို တောမီးများ မလောင်စေရန် ဂရိမီးသတ်သမားများ အပြင်းအထန်ကြိုးပမ်း

ပြင်းထန်သော လေပြင်းများ တိုက်ခတ်မှုကြောင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ အခက်အခဲဖြစ်ပေါ်နေစဉ် ဂရိနိုင်ငံရှိ မီးသတ်တပ်ဖွဲ့ဝင် ရာပေါင်းများစွာသည် အေသင်မြို့ အနောက်မြောက်ဘက်ရှိ လူကြိုက်များသော ကမ်းခြေအပန်းဖြေစခန်းကို ကယ်တင်နိုင်ရန် ဩဂုတ် ၁ ရက်တွင် အပြင်းအထန်ကြိုးပမ်းခဲ့ကြသည်။
အေသင်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၇၀ (၄၅ မိုင်) အကွာ ဗီယိုတီယားဒေသ၊ ပေါ်တိုဂျာမီနို နယ်မြေအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀၀ ကျော် သွားရောက်ငြှိမ်းသတ်လျက်ရှိကြောင်း မီးသတ်ဌာနက ပြောကြားခဲ့သည်။
"မီးက ပင်လယ်ကမ်းစပ်အထိ ရောက်သွားပါပြီ။ နေအိမ်အချို့လည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်" ဟု မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP ကို ပြောကြားသည်။
"လေတိုက်နှုန်းက အရမ်းပြင်းပါတယ်။ လေကြောင်းကနေ မီးငြှိမ်းသတ်တဲ့ လေယာဉ်တွေလည်း တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်နေပေမဲ့ အချို့လေယာဉ်တွေ စေလွှတ်လို့ မရတာကြောင့် အခြေအနေ နည်းနည်းပိုသက်သာတဲ့ ပယ်လိုပွန်နီးစ်ဒေသက အခြားတောမီးဆီ ပြောင်းရွှေ့ပေးခဲ့ရပါတယ်" ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အေသင် အမျိုးသားလေ့လာစောင့်ကြည့်ရေးစခန်း မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ ဩဂုတ်၁ ရက်က လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၃၀ ကီလိုမီတာအထိရှိခဲ့သည်ဟု သိရသည်။
တောမီးသည် ဇူလိုင် ၃၁ ရက်က အနီးနားရှိ အေဂျီယိုစ် ဗာစီလီယို့စ် ကမ်းခြေရွာအနီးတွင် စတင်လောင်ခဲ့ခြင်းဖြစ်သည်။
ဒေသခံများက အရပ်ဘက်ကာကွယ်ရေးအဖွဲ့၏ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် နှိုးဆော်ချက်ကို လျစ်လျူရှုခဲ့ကြသဖြင့် လူ ၃၀၀ ခန့်ကို ပင်လယ်ရေကြောင်းမှတစ်ဆင့် ကယ်ဆယ်ခဲ့ရသည်။
Ref: AFP
Photos: AFP
#တောမီးများ #ဂရိမီးသတ်သမားများ #elevennews

မူရင်းသတင်း — Eleven Media Group