
ကင်ညာနိုင်ငံ တောင်ပိုင်းရှိ Amboseli အမျိုးသားဥယျာဉ်အပြင်ဘက်တွင် ဆင် ၁၅ ကောင် သေဆုံးနေသည်ကို တွေ့ခဲ့ရပြီး အနီးဝန်းကျင် လယ်ယာများမှ ပိုးသတ်ဆေးဖျန်းထားသည့် ခရမ်းချဉ်သီးများကို စားမိခြင်းကြောင့် အဆိပ်သင့်သေဆုံးခဲ့သည်ဟု ကင်ညာ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဌာန (KWS) က ယူဆနေသည်။
KWS ၏ ကနဦး ဓာတ်ခွဲစစ်ဆေးမှုများအရ သေဆုံးသည့် ဆင်များတွင် ဆိုင်ယာနိုက် အဆိပ်ဓာတ်ကို တွေ့ခဲ့သည်။ ဆင် ၁၀ ကောင်က ကိုယ်လက်လှုပ်ရှားမရသည့် လက္ခဏာပြပြီး နှစ်ရက်အတွင်း သေဆုံးကာ ကျန်ငါးကောင်က ရှာတွေ့ချိန်တွင် သေဆုံးနေပြီဖြစ်သည်။
ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၂၄ ရက် တစ်လတာအတွင်း သေဆုံးခဲ့ကြခြင်းဖြစ်သည်။
အာဏာပိုင်များက တမင်အဆိပ်ခတ်သတ်ဖြတ်မှု ဖြစ်နိုင်ခြေကို ပယ်ချကာ ဆင်များ စားသုံးခဲ့သည့် အဆိပ်ပစ္စည်းများသည် လူသားများအတွက် လတ်တလော အန္တရာယ်မရှိဟု ထုတ်ပြန်ခဲ့သည်။
ယခုဖြစ်စဉ်ကြောင့် Amboseli ဥယျာဉ်အနီး လယ်ယာစိုက်ပျိုးရေး တိုးချဲ့လာမှုအပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ ဆင်များသည် ရေနှင့် စားစရာ ရှာဖွေရန် လယ်ယာမြေများသို့ မကြာခဏ ဝင်ရောက်လေ့ရှိပြီး ယခုကဲ့သို့ ဆင်အပြုံလိုက် သေဆုံးမှုမျိုးက ယင်းဒေသတွင် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။
Ref: BBC