Eleven Media Group

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့အဝင်ထွက်လမ်းများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ PDF အဖွဲ့များက မိုင်းထောင်ပိတ်ဆို့ထား

■ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့အဝင်ထွက်လမ်းများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ PDF အဖွဲ့များက မိုင်းထောင်ပိတ်ဆို့ထား

■ လမ်းပိတ်ဆို့ထားမှုကြောင့် ပြည်သူများ ကုန်စျေးနှုန်းအဆမတန်​မြင့်တက်မှုဒဏ် ခံနေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့၏ အဝင်အထွက် လမ်းများကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ PDF များကမိုင်းထောင်ပိတ်ဆို့ထားသည်မှာ သုံး လခန့်ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

၂၀၂၆ခုနှစ်၊ မေလ၄ရက်နေ့မှစပြီး ပိတ်ဆို့ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် စားသောက်ကုန် ၊လူသုံးကုန် ၊စက်သုံးဆီ၊ ဆေးဝါးများ ပြတ်နေပြီး ကုန်စျေးနှုန်း ကြီးမြင့်မှုဒဏ်ကို ပြည်သူများ ရင်ဆိုင်နေရ​သည်နှင့်ပတ်သက်ပြီး " ဆားတပိဿာ ၂၀၀၀၀ကျပ်၊ ကြက်ဥတလုံး ၁၇၀၀ ၊ ခရမ်းချဥ်သီးတလုံး ၁၀၀၀ ကျပ်ဖြစ်နေပါပြီ။ ၂၀၂၅ နှစ်ဆန်းတုန်းကလည်း မြို့အဝင်အထွက် လေးဘက်လေးတန်က လမ်းများကို မိုင်းထောင်ပြီး ပိတ်ဆို့ခဲ့ပါတယ်။ အဲတုန်းကတော့ တစ်လတစ်ခါ၊ ဒါမှမဟုတ် နှစ်လတစ်ခါ လမ်းဖွင့်ပေးပြီး တစ်ခါဖွင့်ရင် နှစ်ရက် သုံးရက်ဖွင့်ပေးခဲ့ပါတယ်။အခုက သုံးလနီးပါးလုံး၀ လမ်းပိတ်တဲ့ဒဏ် ကြောင့် ပြည်သူတွေ အလုပ်အကိုင်မရှိ ဝင်ငွေမရှိ ကုန်စျေးနှုန်းကြီးမြင့်မှုကို ကူကယ်သူမရှိ ကြိတ်မှိတ်ခံစားနေရပါတယ်။ ကျွန်တော်တို့၀က်လက်မြို့ပေါ်တင်ဒီဒုက္ခခံစားနေရတာပါ။ ရွာတွေကတော့ PDF စိုးမိုးထားတာမို့ ပုံမှန်​ကုန်စျေးနှုန်းတက်ရင်တက်၊ ကျရင်ကျတဲ့ သက်ရောက်မှုပဲရှိတာပါ။ အခုက ကျေးရွာတွေဆီကို မြို့ကလူတွေက သွားပြီး မတန်တဆပေး၀ယ်နေရတာပါ။ လက်ဖက်ရည်ဆိုင်ဆို နို့ဆီပြတ်ပြီ။ အကြော်ဆိုင်ဆိုလည်း မနက်ဖန် အကြော်မရောင်းနိုင်တော့ဘူး။ အဲလိုအခြေနေ ဖြစ်နေပါတယ်" ဟု ၀က်လက်မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။

ဝက်လက်မြို့သည် ရွှေဘို- မန္တလေး လမ်း၏ အရှေ့ဘက် ၇မိုင်အကွာတွင်တည်ရှိပြီး ရွှေဘို-မန္တလေးလမ်းနှင့် ဆက်သွယ်သည့် လမ်းနှစ်ခုအနက် ဝက်လက်-ရွာသာကြီးလမ်းကို ၂၀၂၂ ခုနှစ်စက်တင်ဘာတွင် လည်းကောင်း၊ ဝက်လက်-လှတောလမ်းကို ၂၀၂၃ နှစ်ဦးတွင် လည်းကောင်း PDFများက တံတားချိုး မိုင်းထောင် ပိတ်ဆို့ခဲ့ကြောင်းလည်း သိရသည်။

ယခုကဲ့သို့ လမ်းပိတ်ထားသော ကာလများတွင် ပြည်သူများမှ စားစရာကုန်စိမ်းအပါအ၀င် ပစ္စည်းများကို ဆိုင်ကယ်ဖြင့် လယ်ကန်သင်းများကြားမှဖြတ်ပြီး တစ်နိုင်ပိုင် ခိုးသွင်းလာသူများထံမှ ​​စျေးကြီးပေး ဝယ်ယူနေရသည်ဟု စုံစမ်းသိရသည်။
" တိုက်ပွဲ မရှိပဲ အခုလို မြို့ကို ပိတ်ဆို့ထားခြင်းဟာ မြန်မာတပြည်လုံးမှာ ဝက်လက်တစ်မြို့တည်းသာ ရှိမယ် ထင်ပါတယ်။လူတွေ အစားအသောက်ခက်ခဲတာနဲ့ အတူ ရဟန်းသံဃာ များလည်း ဆွမ်းကွမ်း ရှားပါးနေကြပါပြီ။ ယခုအချိန်မှာ မြို့သူမြို့သားတွေရဲ့ အဖြစ်ချင်ဆုံး ဆန္ဒကတော့ ရွေဘို- မန်းလေးလမ်းနဲ့ ဆက်သွယ်ထားတဲ့ ဝက်လက်-ရွာသာကြီး (သို့မဟုတ်) ဝက်လက်-လှတောလမ်းကို ပွင့်စေချင်တာပါပဲ" ဟု ​မြို့ခံတစ်ဦးကလည်း ဆိုသည်။

၀က်လက်မြို့နယ်တွင် ကျေးရွာအုပ်စု ၇၂အုပ်စုရှိပြီး PDFများ စိုးမိုးထားကြောင်း၊ ယခုအခါ ရွှေဘို-မန္တလေးကားလမ်းပိုင်းပွင့်နေပြီဖြစ်သော်လည်း ၀က်လက်မြို့ပေါ် နေထိုင်သူများအနေဖြင့် ကျန်းမာရေး၊ လူမှုရေးအရ သွားလာစရာများရှိပါက PDF ခွင့်တောင်းပြီး မိုင်းရှင်းလင်းခဟူ၍ပေးမှသာ သွားလာခွင့်ရ​ကြောင်း၊ ခွင့်မတောင်းဘဲ သွားလာ​ခြင်းကိုမိပါက အရိုက်နှက်ခံရကြောင်း၊ ၀က်လက်မြို့ပေါ်လေးတစ်ခုသာ တပ်မတော်စိုးမိုးထားပြီး မြို့ပတ်ပတ်လည် ကျေးရွာများမှာ PDFနယ်မြေဖြစ်သဖြင့် တပ်မတော်စစ်ကြောင်းထိုးသည်ကို ကာကွယ်နိုင်ရန်အတွက် မြို့လေးဘက်လေးတန်အ၀င်အထွက်နေရာများအားလုံး မိုင်းထောင်ကာလမ်းပိတ်ထားခြင်းဖြစ်သည်ဟု သိရသည်။

မူရင်းသတင်း — Eleven Media Group