Myanmar National Post

ဘိလိယက်နှင့် စနူကာ ဆုရ အားကစားသမားများ ဂုဏ်ပြုပွဲကျင်းပ







ရန်ကုန်၊ ဩဂုတ် ၁          

၂ဝ၂၅ခုနှစ်၊ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားက စားပြိုင်ပွဲတွင် ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ် (၁) ခုနှင့် ကြေးတံဆိပ် (၃) ခု၊ နိုင်ငံ့ဂုဏ်ဆောင် ဘိလိယက်နှင့် စနူကာ အားကစားသမားများ၊အုပ်ချုပ်နည်းပြအဖွဲ့ဝင်များနှင့်၂ဝ၂၆ခုနှစ်၊ဇူလိုင်လအတွင်းတရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ ကျင်းပခဲ့သည့် 2026 Heyball Masters Tour ပြိုင်ပွဲတွင် Runner-up (ဒုတိယဆု)ရရှိခဲ့သည့်မောင်ဘုန်းမြင့်ကျော်(ခ)အားတီတို့အားဂုဏ်ပြုဆုငွေများချီးမြှင့်ပွဲကို ယ​နေ့ နံနက်ပိုင်းအချိန်က ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ပင်လုံလမ်းရှိ GOLDEN PARK Hotel (Ruby Hall) တွင်ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ ဦးကျော်ကျော်စိုး၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊အားကစားနှင့်ကာယပညာကော်မတီဝင်များ၊မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဌနှင့် အမှုဆောင်များ၊ ဘိလိယက်နှင့်စနူကာ အားကစားသမားများ၊ အုပ်ချုပ်နည်းပြအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးအောင်နိုင်သူက အမှာစကားပြောကြားပြီး (၃၃) ကြိမ်မြောက် SEA Games တွင် ဘိလိယက်အသင်းလိုက် ရွှေတံဆိပ်ဆုရ ဦးပေါက်စ၊ ကိုအောင်ဌေး၊ ကိုနေသွေးဦး နှင့် တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် 2026 Heyball Masters Tour ပြိုင်ပွဲတွင် Runner-up ဆုရ မောင်ဘုန်းမြင့်ကျော် တို့အား ဂုဏ်ပြုဆုငွေချီးမြှင့်သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ ဦး‌ကျော်ကျော်စိုးက (၃၃) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ဘိလိယက်တစ်ဦးချင်း ငွေတံဆိပ်ဆုရ ဦးပေါက်စ၊ စနူကာတစ်ဦးချင်း ကြေးတံ ဆိပ်ဆုရ မောင်ဘုန်းမြင့်ကျော်တို့အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။

ယင်းနောက် မြန်မာ နိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ခန့်ကျော် က စနူကာ 6-Red တစ်ဦးချင်းကြေးတံဆိပ်ဆုရ မောင်နေမင်းထွန်း၊ စနူကာအသင်းလိုက် ကြေးတံဆိပ်ဆုရ မောင်ဘုန်းမြင့်ကျော်၊ မောင်ဝင်းကိုကို၊ မောင်ကျော်ဝေယံစိုး နှင့် အုပ်ချုပ်နည်းပြအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကြသည်။ဆက်လက်၍ ဆုရအားကစားသမားများကိုယ်စား အားကစားသမား‌ မောင်ဘုန်းမြင့်ကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့​ကြောင်း သတင်းရရှိပါသည်။


ထက်တံခွန် (တာ​​မွေ)

#MNP #News

မူရင်းသတင်း — Myanmar National Post