Eleven Media Group

အမြန်လမ်းတွင် မောင်းနှင်သည့် ပစ်ကပ်နှင့် လိုက်ထရပ်ယာဥ်များ၏ အနောက်ဖက်နေရာ၌ မဖြစ်မနေအခြေအနေမှသာ လူတင်ဆောင်ရန် သတိ‌ပေး

အမြန်လမ်းတွင် မောင်းနှင်သည့် ပစ်ကပ်နှင့် လိုက်ထရပ်ယာဥ်များ၏ အနောက်ဖက်နေရာတွင် မဖြစ်မနေအခြေအနေမှသာ လူတင်ဆောင်ရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်သည်။

သီတင်းကျွတ်၊ တန်ဆောင်တိုင် နှင့် မဟာသင်္ကြန်ကာလ စသည့် ရုံးပိတ်ရက်/ပွဲတော်များအတွင်း ပစ်ကပ်/ လိုက်ထရပ်ယာဥ်များ၏အနောက်ဖက် ပစ္စည်းတင်သည့်နေရာတွင် လူအများအပြားလိုက်ပါ၍ ဘုရားဖူးခရီး ၊ အပန်းဖြေခရီးများသွားလာကြကြောင်း၊ အဆိုပါ အငယ်စားပစ်ကပ်/လိုက်ထရပ်များဖြစ်သည့် Hijet/ MiniCab/Carry/Sambar စသည့်ယာဥ်များ၊ အလတ်စား ပစ်ကပ်/လိုက်ထရပ်များဖြစ်သည့် Hilux/Townace/Liteace/Bongo/Vanette/မြန်မာစက်မှုဇုန်လိုက်ထရပ် စသည့်ယာဥ်များ၊ အကြီးစား ထရပ်များဖြစ်သည့် Dyna/Fuso/Canter/Condor စသည့် ယာဥ်များမှာ လူအများသယ်ဆောင်ရန်မဟုတ်ဘဲ ကုန်တင်ရန်သာ ရည်ရွယ်ထုတ်လုပ်ထားသော ပစ်ကပ်/ ထရပ်/လော်ရီ အုပ်စုဝင်ယာဥ်များဖြစ်ကြောင်း သိရသည်။

အမြန်လမ်းပေါ်၌ အဆိုပါယာဥ်များတွင် နောက်ခန်း၌ လူအများအပြားတင်ဆောင်၍ မောင်းနှင်ခြင်းသည် အင်မတန်အန္တရာယ်များပြီး အခြားခရီးသွားယာဥ်များကိုလည်း အန္တရာယ်ဖြစ်စေနိုင်ကြောင်း၊ ထို့ပြင် ပစ်ကပ်/ထရပ်ယာဥ်များ၏ အနောက်ကုန်တင်သည့်နေရာတွင် အမိုးကိုင်းတပ်ဆင်ပါသော်လည်း လူထိုင်ရန် ထိုင်ခုံ/ခါးပတ်/လေအိတ် စသည့်သတ်မှတ်အကာအကွယ်ပေးသောပစ္စည်းများ မပါခြင်းကြောင့် ယာဥ်တိုက်/တိမ်းမှောက်ပါက အနောက်ခန်းမှ စီးသူများ မြေပြင်ပေါ်သို့ လွင့်စင်ကျ၍ အသက်ဆုံးရှူံးခြင်းနှင့်ပြင်းထန်ဒဏ်ရာရရှိခြင်းများ မကြာခဏဖြစ်ပေါ်လျက်ရှိရာ ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ပစ်ကပ်/လိုက်ထရပ် ယာဥ်မတော်တဆမှု စုစုပေါင်း ခုနစ် ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဥ်များကြောင့် ဒဏ်ရာရသူ (၁၇) ဦး နှင့် သေဆုံးသူ (၅)ဦးရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ ပစ်ကပ်/လိုက်ထရပ်/ထရပ်ယာဥ်မောင်းနှင်သူများအနေဖြင့် အမြန်လမ်းအသုံးပြုရာတွင် တတ်နိုင်သ၍ ယာဥ်အနောက်ဖက်နေရာတွင် ကုန်ပစ္စည်းကိုသာအဓိကသယ်ဆောင်ကြရန်၊ လူအများအပြား မတင်ရန်နှင့် မဖြစ်မနေ အခြေအနေမှသာ လူတင်ဆောင်ရန် အထူးမေတ္တာရပ်ခံအပ်ကြောင်း၊ အမြန်လမ်းမကြီးယာဥ်စည်းကမ်းများဖြစ်သည့် ပစ်ကပ်/လိုက်ထရပ်/ထရပ်ကား/လော်ရီကား သတ်မှတ်အမြန်နှုန်း 60 km/h (တစ်နာရီခြောက်ဆယ်ကီလိုမီတာ)အောက်သာ အထူးသတိပြုမောင်းနှင်ရန်၊ ဘာကြောင့်ရပ်ရပ် လမ်းဘေးမြေသားပေါ်၌သာ လွတ်ကင်းစွာရပ်နားရန်၊ ညအခါရပ်နား စဥ် မီးဖွင့်ထားရန် နှင့် ယာဥ်ကြံ့ခိုင်မှု/တာယာ အားကောင်းမှု သေချာစစ်ဆေးပြီးမှ ခရီးစတင်ရန် သတိပေးနှိုးဆော်အပ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

မူရင်းသတင်း — Eleven Media Group