Myanmar National Post

ဆူတာနယ်မြေထဲကို လူအားနဲ့တိုးဝင်လာတဲ့ ရွှေ့ပြောင်းက ၅ သောင်း ဝန်းကျင်လောက်ရှိ


ဩဂုတ် - ၁ ( စနေနေ့ ) 

စပိန်နိုင်ငံရဲ့ ပိုက်နက်နယ်မြေတစ်ခုဖြစ်တဲ့ မြောက်အာဖရိကအခြမ်းက ဆူတာဒေသထဲကို ရွှေ့ပြောင်းနေထိုင်သူ ၅ သောင်းနီးပါးလောက်ဟာ ညတွင်းချင်း အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့လို့ အစ္စရေးနိုင်ငံ ရေးသမားတွေက အဲ့ဒိဖြစ်စဉ်ကို လှောင်ပြောင်သရော် တုံ့ပြန်ခဲ့ကြပါတယ်။ 

မော်ရိုကိုဘက်က နယ်ခြားစောင့်တွေက ဒီလို အလုံးအရင်း ဝင်ရောက်မှုကို တားဆီးဖို့ ဆောက်ထားတဲ့ သံဆူးကြိုး တံခါးတွေကို ဖွင့်ပေးလိုက်ပုံ ရပြီးတဲ့နောက် ကြာသပတေးနဲ့ သောကြာနေ့ကြားမှာ မော်ရိုကို လူငယ်အမျိုးသား အများစုပါဝင်တဲ့ ရွှေ့ပြောင်းနေထိုင်သူ ခန့်မှန်းခြေ ၄၉,၀၀၀ လောက်ဟာ မော်ရိုကိုနဲ့ စပိန်ပိုင် ဆူတာ နယ်စပ်ကို ဖြတ်ပြီး အလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့ကြတာပါ။

ရွှေ့ပြောင်းနေထိုင်သူတွေ ဆူတာမြို့ထဲမှာ သောင်းကျန်းနေကြတဲ့ ဗီဒီယိုတွေ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီးနောက် မြို့ရဲ့ ဒေသခံအာဏာပိုင်တွေက မက်ဒရစ်အစိုးရထံ စစ်တပ်နဲ့ ဝင်ရောက်ကူညီပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ စပိန်ဝန်ကြီးချုပ် ဆန်းချက်ဇ်ကတော့ အမျိုးသားအရေးပေါ်အခြေအနေ ထုတ်ပြန်ဖို့ ငြင်းဆန်ခဲ့ပေမဲ့ အဆိုပါ နယ်မြေထဲကို စစ်သည် ၆၀ ပါတဲ့ တပ်ဖွဲ့အသေးလေးတစ်ခုကိုပဲ စေလွှတ်ခဲ့ပါတယ်။

ဥရောပတစ်ဝှမ်းမှာရှိတဲ့ လက်ယာယိမ်း နိုင်ငံရေးသမားတွေကလည်း ပက်ဒရို ဆန်းချက်ဇ်ရဲ့ မပြတ်မသား တုံ့ပြန်ပုံကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ ၊ ဖင်လန် ပြည်ထဲရေးဝန်ကြီး မာရီ ရန်တာနင်  နဲ့ ဩစတြီးယား ဝန်ကြီးချုပ် ခရစ်စတီယန် စတော့ကာ တို့အားလုံးက စပိန်နိုင်ငံကို ဥရောပရဲ့ နယ်စပ်မဲ့ ခရီးသွားဇုန်ဖြစ်တဲ့ ရှန်ဂန်  ဧရိယာထဲကနေ ထုတ်ပယ်ဖို့အထိ တောင်းဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ အစ္စရေး အသိုင်းအဝိုင်း အချို့မှာတော့ အဲ့လိုဖြစ်သွားတာကို ဝမ်းသာအားရ အောင်ပွဲခံခဲ့ကြပါတယ်။ အစ္စရေး နိုင်ငံရေးသမားတွေနဲ့ လူ့အဖွဲ့အစည်းအတွင်း ဩဇာရှိသူတွေဟာ ဥရောပမှာ အစ္စလာမ်ဘာသာ လွှမ်းမိုးလာနေတယ်ဆိုပြီး ဆယ်စုနှစ်ပေါင်းများစွာ ငြီးတွားမြည်တွန်ခဲ့ကြပေမဲ့ သောကြာနေ့မှာတော့ အီးယူ ပိုင်နက်ထဲကို မွတ်စလင် သောင်းနဲ့ချီ ဝင်ရောက်လာတာကိုတွေ့ခဲ့ရလို့ ဝမ်းသာအားရ အောင်ပွဲခံခဲ့ကြပါတယ်။

စပိန်ဝန်ကြီးချုပ် ဆန်းချက်ဇ်က ဂါဇာအပေါ်ထားတဲ့ အစ္စရေးရဲ့ စစ်ပွဲကို "လူမျိုးတုံး သတ်ဖြတ်မှု" လို့ စွပ်စွဲခဲ့တာ၊ စပိန်ပိုင်နက်ကို ဖြတ်ပြီး အစ္စရေးဆီ စစ်လက်နက်ပစ္စည်း သယ်ယူတာကို ပိတ်ပင်ခဲ့တာအပြင် အီရန်ကို တိုက်ခိုက်ဖို့ အမေရိကန်ကို သူ့ရဲ့ စစ်အခြေစိုက်စခန်းတွေ သုံးခွင့် မပေးဘဲ ငြင်းဆန်ခဲ့တာတွေကြောင့် ဇီယွန်ဝါဒီ ဝေဖန်ရေးသမားတွေက ဆူတာမြို့ထဲကို မူဆလင်တွေ ဝင်ရောက်စီးနင်းခံရမှုကို စပိန်အတွက် ထိုက်တန်တဲ့ ပြစ်ဒဏ်တစ်ခုအဖြစ် ရှုမြင်ခဲ့ကြတာပါ။


REF: RT

#MNP #News

မူရင်းသတင်း — Myanmar National Post