Myanmar National Post

သေနတ်သမားတစ်ယောက် သောင်းကျန်းလို့ အပြစ်မဲ့ပြည်သူ ၃ ယောက်သေဆုံး


ဩဂုတ် - ၂ ( တနင်္ဂနွေနေ့ ) 

အိုင်ဒါဟိုပြည်နယ်က In-N-Out စားသောက်ဆိုင်တစ်ဆိုင်မှာ သေနတ်သမားတစ်ယောက်က လူအုပ်ထဲကို ရုတ်တရက် ပစ်ခတ်ခဲ့တာကြောင့် လူ ၃ ဦး သေဆုံးပြီး၊ အနည်းဆုံး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ သေနတ်ကိုင်ဆောင်ထားတဲ့ အခြား အရပ်သားတစ်ယောက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ယူဆရပါတယ်။

ဖြစ်စဉ်ဟာ စနေနေ့ နေ့လယ် ၂ နာရီခွဲခန့်က တွင်းဖဲလ် မြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အဲဒီမြို့ဟာ ဘွိုင်ဆီ မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၁၃၀ (ကီလိုမီတာ ၂၁၀) လောက်အကွာမှာ တည်ရှိပါတယ်။ အဲဒီ In-N-Out ဆိုင်က ဖွင့်ထားတာ တစ်ပတ်လောက်ပဲ ရှိသေးတဲ့ ဆိုင်အသစ်ဖြစ်ပြီး၊ မြို့ရဲ့ လူစည်ကားတဲ့ စီးပွားရေးရပ်ကွက်တစ်ခုမှာ ရှိတာကြောင့် အခင်းဖြစ်ပွားချိန်မှာ ဖောက်သည်တွေနဲ့ ပြည့်ကျပ်နေခဲ့ပါတယ်။

မျက်မြင်ဗီဒီယိုတွေအရ သေနတ်ပစ်ခတ်မှုဟာ စားသောက်ဆိုင်အတွင်းကနေ စတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အပြင်ပတ်ဝန်းကျင်အထိ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ယူဆရပါတယ်။ သေနတ်သံတွေ ဆက်တိုက်ထွက်ပေါ်နေချိန်မှာ ကြောက်လန့်နေတဲ့ ဖောက်သည်တွေနဲ့ ဝန်ထမ်းတွေဟာ ကားရပ်နားကွင်းနဲ့ လမ်းမပေါ်ကို အလုအယက် ထွက်ပြေးနေကြတာကိုလည်း ဗီဒီယိုတွေမှာ မြင်တွေ့ရပါတယ်။

အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတစ်ခုမှာတော့ AR အမျိုးအစား ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ယောက်ဟာ အနက်ရောင်အင်္ကျီနဲ့ ဂျင်းဘောင်းဘီဝတ်ဆင်ထားပြီး၊ လူတွေ ထွက်ပြေးနေကြချိန်မှာ စားသောက်ဆိုင်ထဲကနေ လမ်းလျှောက်ထွက်လာတာကို တွေ့ရပါတယ်။ အဲဒီနောက် သူဟာ အဖြူရောင်ကားတစ်စီးဆီ သွားပြီး ကားနောက်ဖုံးကို ဖွင့်ကာ အထဲကို လက်လှမ်းနှိုက်ယူနေတာကိုလည်း ဗီဒီယိုထဲမှာ တွေ့ရပါတယ်။

နောက်ထပ်ဗီဒီယိုတစ်ခုမှာတော့ သံသယရှိသူဟာ တက်စလာအားသွင်းစခန်း အနီးက ကားရပ်နားကွင်းထဲကို လမ်းလျှောက်သွားရင်း သေနတ်နဲ့ အချက်အတော်များများ ပစ်ခတ်နေတာကို တွေ့ရပါတယ်။

နောက်ထပ်ဗီဒီယိုတစ်ခုမှာတော့ အခြားအမျိုးသားတစ်ယောက်က ရိုင်ဖယ်ကိုင်ထားတဲ့ သေနတ်သမားဘက်ကို ပစ္စတိုနဲ့ ပြန်လည်ပစ်ခတ်နေတာကို တွေ့ရပါတယ်။ အသက် ၃၄ နှစ်အရွယ် မျက်မြင်သက်သေ လိန်းကိုဟင်ကလည်း အေပီသတင်းဌာနကို  ပြောကြားရာမှာ၊ သံသယရှိတဲ့ တိုက်ခိုက်သူဟာ ကားထွက်ပေါက် ဘက်ကနေ ရိုင်ဖယ်သေနတ်ကိုင်ပြီး ထွက်လာချိန်မှာ ပစ္စတိုကိုင်ထားတဲ့ အမျိုးသားတစ်ယောက်က ပြန်လည်ပစ်ခတ်တာကို သူကိုယ်တိုင် မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ကတော့ ပစ္စတိုကိုင်ထားတဲ့ အမျိုးသားဟာ တိုက်ခိုက်မှုကို တားဆီးဖို့ ကြိုးစားတဲ့ အရပ်သား ဟုတ်၊ မဟုတ် ဆိုတာကို အတည်မပြုသေးသလို၊ သူ့ရဲ့ ပစ်ခတ်မှုက ဖြစ်စဉ်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိခဲ့သလဲ ဆိုတာကိုလည်း မပြောသေးပါဘူး။

ဒါ့အပြင် သံသယရှိတဲ့ သေနတ်သမား ဘယ်လိုသေဆုံးသွားတာလဲ ဆိုတာကိုလည်း အာဏာပိုင်တွေက ထုတ်ဖော်ပြောကြားခြင်း မရှိသေးတဲ့အတွက်၊ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တာ ဖြစ်နိုင်တယ် ဆိုတဲ့ ယူဆချက်လည်း ရှိနေဆဲဖြစ်ပါတယ်။


REF: RT

#MNP #News

မူရင်းသတင်း — Myanmar National Post