Eleven Media Group

တရုတ်တွင် ရေလွှမ်းမိုးမှုများကြောင့် သေဆုံးသူ ၂၅ ဦးအထိ မြင့်တက်လာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ အရေအတွက်သည် ၂၅ ဦးအထိ မြင့်တက်လာခဲ့ပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဩဂုတ် ၂ ရက်တွင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အဆိုပါ ရေကြီးမှုသည် ဇူလိုင် ၂၆ ရက်က စခန်းချ လည်ပတ်သူများအကြား ရေပန်းစားသော Shuangshimen အပန်းဖြေစခန်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အစောပိုင်းတွင် ၁၀ ဦး သေဆုံးကာ ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသား ဘေးအန္တရာယ် ကာကွယ်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဟု ပြောကြားခဲ့ပြီးနောက် သေဆုံးသူ အရေအတွက် ၂၅ ဦးအထိမြင့်တက်လာကြောင်း ဆင်ဟွာသတင်းက ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ကန်စုပြည်နယ် တောင်ပိုင်း တောင်ထူထပ်သော ဒေသရှိ Shuangshimen အပန်းဖြေစခန်းသည် ၎င်း၏ သဘာဝ ကျောက်ကုန်းတံတားများ၊ တောင်မြင့်ဒေသပေါက်ပင်များနှင့် တောင်ကျစမ်းချောင်းများကြောင့် လူသိများထင်ရှားသည်။

ရေကြီးရေလျှံမှု ဗီဒီယိုများတွင် စခန်းချနေသည့် တဲများနှင့် ကားများ ရပ်နားထားသည့် လျှိုမြောင်တစ်ခုအတွင်းသို့ ရေများအရှိန်ဖြင့် စီးဝင်လာသည်ကို တွေ့မြင်ခဲ့ရသည်။

တရုတ်နိုင်ငံသည် ယခုနှစ်နွေရာသီတွင် ဆိုးရွားသော ရာသီဥတုဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရပြီး နိုင်ငံ၏ နေရာအတော်များများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group