
ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ Bueng Thong Lang ဘုန်းတော်ကြီးကျောင်းတွင် ဩဂုတ် ၁ ရက် ညနေပိုင်းက ဈာပနအခမ်းအနား ပြုလုပ်နေစဉ် သေနတ်သမားတစ်ဦးက လူအုပ်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး နောက်လူနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ဩဂုတ် ၁ ရက် ည ၇ နာရီခွဲခန့်က ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ခန်းမအမှတ် ၁၆ ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောသည်။ အနက်ရောင်အကျႌ ၊ ဆံပင်ရှည်နှင့် သေနတ်သမားတစ်ဦးက ဆိုင်ကယ်ကို ခန်းမရှေ့တွင် ရပ်လိုက်ပြီး ဈာပနတက်ရောက်လာသူများကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်မှုအပြီး သေနတ်သမားက ဆိုင်ကယ်ဖြင့် အလျင်အမြန် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
ပစ်ခတ်ခံရသူ သုံးဦးကို အနီးဆုံးဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ပြီး တစ်ဦး သေဆုံးသွားကာ ကျန်နှစ်ဦးက ဆေးကုသမှု ခံယူလျက်ရှိ သည်။အခင်းဖြစ်ပွားပြီး မကြာမီ ရဲတပ်ဖွဲ့ ရောက်ရှိလာကာ သေနတ်သမားကို ဖမ်းဆီးရမိရေးနှင့် ပစ်ခတ်သည့်အကြောင်းရင်းကို စစ်ဆေးဖော်ထုတ်နေသည်။
Ref: Thai PBS World