
အီရန်ကို တိုက်ခိုက်မှုများ ဆိုင်းငံ့ထားရန် အမေရိကန်နှင့် အစ္စရေးတို့ သဘောတူညီခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဩဂုတ် ၁ ရက်တွင် ပြောကြားခဲ့သည်။
ထရန့်သည် အီရန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး စွမ်းအင် အခြေခံအဆောက် အအုံများ အပါအဝင် ကြီးမားသည့် တိုက်ခိုက်မှုများပြုလုပ်ရန် စဉ်းစားနေသည်ဟု သတင်းများ ထွက်ပေါ်လာ ခဲ့ပြီးနောက် တိုက်ပွဲများ အရှိန်ပြန်လည် မြင့်တက်လာမည်ကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
အမေရိကန်သည် အီရန်နိုင်ငံကို တိုက်ခိုက်ရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်သော်လည်း အီရန်နှင့် အခြား အရှေ့အလယ်ပိုင်း နိုင်ငံများက မိမိအား တိုက်ခိုက်မှုအသစ်များကို ဆိုင်းငံ့ထားရန် တောင်းဆိုခဲ့ကြကြောင်း ထရန့်က ပြောကြားခဲ့သည်။
"ဒီတောင်းဆိုချက်အပေါ် အခြေခံပြီး ကမ္ဘာကြီးရဲ့ အနာဂတ် အကျိုးစီးပွားနဲ့အတူ အောင်မြင်ကြွယ်ဝတဲ့ အီရန်နိုင်ငံ ဆက်လက်ရပ်တည်နိုင်ရေးအတွက် တိုက်ခိုက်မှုကို ဖျက်သိမ်းဖို့ ကျွန်တော် သဘောတူခဲ့ပါတယ်၊ ဒါပေမဲ့ သဘောတူညီချက်တစ်ခုကို လျင်မြန်စွာ ပြုလုပ်နိုင်ရမယ်ဆိုတဲ့ အချက်အပေါ် မူတည်ပါတယ်" ဟု ထရမ့် က ၎င်း၏ Truth Social လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
အဆိုပါ သဘောတူညီချက်တွင် ဟော်မုဇ် ရေလက်ကြားကို ချက်ချင်း အပြည့်အဝ ပြန်လည်ဖွင့်လှစ်ပေးရန်နှင့် အီရန်၏ နျူကလီးယား ခြိမ်းခြောက်မှုကို အဆုံးသတ်ရန် ပါဝင်ရမည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။
"အစ္စရေးနိုင်ငံကလည်း ဒီကတိကဝတ်မှာ ကျွန်တော်နဲ့အတူ ပူးပေါင်းပါဝင်ပါတယ်။ အားလုံးပဲ အလုပ်စလုပ် ကြပါ၊ ပြီးဆုံးအောင် ဆောင်ရွက်ကြပါ" ဟု ထရန့်က ရေးသားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်မှစပြီး ၅ လကျော်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲသည် အဆုံးသတ်မည့် အရိပ်အယောင်ကို မတွေ့မြင်ရသေးပေ။
ဟော်မုဇ် ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး အပါအဝင် အလားတူ သတ်မှတ်ချက်များ ပါဝင်သည့် ယခင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မှာ ပျက်ပြားခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်များအတွင်း နှစ်နိုင်ငံစလုံးက အပြန်အလှန် ပြန်လည် တိုက်ခိုက်ခဲ့သဖြင့် အီရန်သည် အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်မှု ပိုမို တင်းကျပ်လာခဲ့သည်။
တိုက်ပွဲများ ပြန်လည် စတင်လာခြင်းကြောင့် အစောပိုင်း အပစ်အခတ်ရပ်စဲချိန်က ကျဆင်းသွားခဲ့သော ကမ္ဘာ့ ရေနံစျေးနှုန်းများမှာ ပြန်လည် မြင့်တက်လာခဲ့သည်။
အဆိုပါ အပြန်အလှန် တိုက်ခိုက်မှုများသည် ထရန့်၏ ရီပတ်ဘလစ်ကန်ပါတီအတွက် စိန်ခေါ်မှု ဖြစ်လာနိုင်သည့် သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်မီ သုံးလအလိုတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အရှေ့အလယ်ပိုင်း ဒေသအသီးသီးရှိ မြို့တော်များတွင် တည်ရှိသော အမေရိကန်သံရုံးများသည် ဒေသတွင်း ပဋိပက္ခ၏ မမျှော်လင့်ထားသော အရှိန်မြင့်တက်လာမှုများကို သတိပြုကြရန်နှင့် ဘေးလွတ်ရာသို့ထွက်ခွာရန် အသင့်ပြင်ဆင်ထားကြရန် အမေရိကန် နိုင်ငံသားများကို ဩဂုတ် ၁ ရက်တွင် သတိပေးခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့သည် ရေနံချက်စက်ရုံများနှင့် ဓာတ်အားပေးစက်ရုံများ ပါဝင်သော ပစ်မှတ်များကို ဩဂုတ် ၁ ရက်နှင့် ၂ ရက်တွင် ပူးတွဲတိုက်ခိုက်ရန် စီစဉ်နေကြောင်း CBS News က အစောပိုင်းတွင် ဖော်ပြခဲ့သည်။
သို့သော် ပင်လယ်ကွေ့ နိုင်ငံများက တိုက်ခိုက်မှုများကို ဆိုင်းငံ့ထားရန် တောင်းဆိုခဲ့ပြီးနောက် အဆိုပါ တိုက်ခိုက်ရေး အစီအစဉ်ကို ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ထရန့်က ပြောကြားခဲ့သည်။
Ref: AFP