Eleven Media Group

တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်နှင့် ပိုင်ဆိုင်မှု အငြင်းပွားနေသည့်သောင်ခုံအနီးတွင် တရုတ်က စစ်ရေးလေ့ကျင့်

တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်နှင့် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် စကာဘိုရော့ချ်သောင်ခုံအနီးတွင် တရုတ်စစ်တပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့တို့ ပူးပေါင်းပြီး လေကြောင်းနှင့် ရေကြောင်း တိုက်ပွဲဝင်လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့သည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုများနှင့်ပတ်သက်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေသည့် အချို့နိုင်ငံများ၏ လုပ်ဆောင်ချက်များကို လိုအပ်သလို တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း တရုတ်စစ်တပ်က ပြောကြားခဲ့သည်။

နိုင်ငံတကာတွင် စကာဘိုရော့ချ်သောင်ခုံဟု လူသိများသည့် အဆိုပါသောင်ခုံကို တရုတ်က ဟွမ်ယန်းသောင်ခုံဟု အမည်ပေးထားကာ ဖိလစ်ပိုင်ကမူ ဘာဂျို ဒီမာဆင်းလော့ခ်သောင်ခုံဟု ခေါ်ဆိုထားသည်။

"ဖိလစ်ပိုင်ဘက်က သတ်မှတ်ထားတဲ့ ဟွမ်ယန်းကျွန်းရဲ့ နယ်နိမိတ် အခြေခံမျဉ်းဆိုတာတွေဟာ တရားမဝင်သလို အကျုံးလည်း မဝင်ပါဘူး" ဟု တရုတ်စစ်တပ်က ပြောကြားခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုများသည် နိုင်ငံ၏ နယ်မြေအချုပ်အခြာအာဏာနှင့် ရေကြောင်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ရန် တရုတ်တပ်ဖွဲ့များ၏ တိုက်ပွဲဝင်အသင့်ပြင်ဆင်မှုကို စမ်းသပ်ရန်နှင့် မြှင့်တင်ရန်ဖြစ်ကြောင်း တရုတ်စစ်တပ်က ပြောကြားခဲ့သည်။

အဆိုပါသောင်ခုံပတ်ဝန်းကျင်ရှိ တရုတ်စစ်တပ်၏ လေ့ကျင့်ခန်းများနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ပေကျင်းမြို့ရှိ ဖိလစ်ပိုင်သံရုံးက ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။

Ref:AFP

မူရင်းသတင်း — Eleven Media Group