
သီရိလင်္ကာနို်ငံတွင် အကျဉ်းသား တစ်ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည့် အကျဉ်းသား အရေအတွက် ထူထပ်လွန်းသော ထောင်တစ်ခုအတွင်း ဆူပူသောင်းကျန်းမှုကို ထိန်းချုပ်ရန်အတွက် တပ်ဖွဲ့ဝင်ရာပေါင်းများ စွာနှင့် အထူးကွန်မန်ဒိုတပ်ဖွဲ့များကို ဩဂုတ် ၂ ရက်တွင် စေလွှတ်တပ်ဖြန့်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မြို့တော်ကိုလံဘို၏ အပြင်ဘက်တွင်ရှိသော မာဟာရာ အကျဉ်းထောင်အတွင်း အကျဉ်းသားများက ဩဂုတ် ၁ ရက်တွင် အဆောက်အအုံများစွာကို ဖျက်ဆီးခဲ့ပြီးနောက် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ဒုတိယရဲချုပ် ဆန်ဂျီဝါမီဒါဝက် က ပြောကြားခဲ့သည်။
"တည်ငြိမ်အေးချမ်းရေး ပြန်လည်ဖော်ဆောင်ဖို့နဲ့ အကျဉ်းသားတွေကို သူတို့ရဲ့ အခန်းတွေထဲ ပြန်ပို့ဖို့အတွက် စစ်တပ်နဲ့ အထူးလုပ်ငန်းတပ်ဖွဲ့ (STF) ကွန်မန်ဒိုတွေဆီက စစ်ကူတပ်ဖွဲ့တွေ ရယူခဲ့ပါတယ်" ဟု မီဒါဝက်က အကျဉ်းထောင်အပြင်ဘက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကလည်း အဆိုပါထောင်၌ ဆူပူမှုတစ်ခု ဖြစ်ပွားခဲ့ရာ အကျဉ်းသား ၁၁ ဦး သေနတ်မှန် သေဆုံးခဲ့ပြီး ၁၂၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။
ယခု နောက်ဆုံးဖြစ်ပွားသော ဆူပူမှုသည် အဆိုပါ ဒေသတစ်ခုတည်း၌ပင် အခြားထောင်တစ်ခု၌ အစောင့် ၁၀ ဦးနှင့် အကျဉ်းသား ၂၁ ဦး သေဆုံးခဲ့သည့် ဆူပူမှုဖြစ်ပွားပြီး တစ်လနီးပါးအကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
မာဟာရာအကျဉ်းထောင်ရှိ အကျဉ်းသားများသည် မီးဖိုချောင်၊ ဆေးရုံ၊ အသစ်ဆောက်လုပ်ထားသည့် ပြန်လည်ထူထောင်ရေး အဆောက်အအုံနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်း အဆောက်အအုံများကို လုံးဝဖျက်ဆီးပစ်ခဲ့ကြောင်း မီဒါဝက် က ပြောကြားခဲ့သည်။
အဆိုပါ အကျဉ်းထောင်တွင် အကျဉ်းသားထားရှိနိုင်သောအရေအတွက်ထက် ၄ ဆခန့် ပိုများကာ အကျဉ်းသား ၄,၁၀၀ ဦးကို ထိန်းသိမ်းထားပြီး ယင်းမှာ နိုင်ငံတစ်ဝန်းရှိ ထောင်များတွင် ကြုံတွေ့နေရသည့် အထွေထွေ ပြဿနာတစ်ခုဖြစ်သည်။
လွန်ခဲ့သည့်လက အာဏာပိုင်များသည် အသုံးမပြုတော့သည့် နိုင်ငံပိုင် အဆောက်အအုံများကို အကျဉ်းထောင်များအဖြစ် ပြောင်းလဲရန် အစီအစဉ်များကို ကြေညာခဲ့သည်။
သီရိလင်္ကာနိုင်ငံရှိ အကျဉ်းသား သုံးပုံနှစ်ပုံကျော်မှာ တရားရင်ဆိုင်ရန် စောင့်ဆိုင်းနေရသော အချုပ်တရားခံများ ဖြစ်ကြပြီး အများစုမှာ မူးယစ်ဆေးဝါး မှုခင်းများနှင့် ဆက်စပ်၍ ထိန်းသိမ်းခံထားရသူများ ဖြစ်ကြသည်။
Ref:AFP,Photo:AFP