
တောင်ကိုရီးယားနိုင်ငံတွင် အမြင့်ဆုံး အပူချိန် ၄၂ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ် စံချိန်သစ်တင်ခဲ့ကြောင်း ပြည်နယ် မိုးလေဝသ အေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
လွန်ခဲ့သော ရာစုနှစ်တစ်စုကျော်က စံချိန်တင် မှတ်တမ်းတင်မှုများ စတင်ခဲ့ပြီးနောက်ပိုင်း အမြင့်ဆုံး အပူချိန်ကို ဩဂုတ် ၂ ရက်တွင် မှတ်တမ်းတင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အရှေ့တောင်ပိုင်းမြို့ဖြစ်သော ယန်ဆန်း တွင် ဒေသစံတော်ချိန် မွန်းလွဲ ၁နာရီ ၂၆ မိနစ် ၌ အပူချိန် ၄၂ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိခဲ့ကြောင်း ကိုရီးယား မိုးလေဝသ အုပ်ချုပ်ရေးအဖွဲ့ (KMA) က ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ယန်ဆန်း မြို့သည် လက်ရှိ ဖြစ်ပေါ်နေသော အပူလှိုင်း၏ ဗဟိုချက်ဖြစ်ပြီး ဩဂုတ် ၂ ရက်တွင် ၅ ရက်ဆက်တိုက် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ် ကျော်လွန်ခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ၏ နေရာတော်တော်များများတွင် အပူချိန် သတိပေးချက်များ ထုတ်ပြန်ထားပြီး မြို့အများအပြား၌ အပူချိန်မှာ ၃၀ ဒီဂရီဆဲလ်စီးယပ်စ် အထက်ပိုင်းအထိ မြင့်တက်လာသည်ကို တွေ့ရသည်။
မြင့်တက်လာသော အပူချိန်ကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ယခုနှစ်တွင် အသစ်စတင်လိုက်သည့် အရေးပေါ် အပူလှိုင်း သတိပေးချက် အမျိုးအစားအောက်တွင် ဩဂုတ်၂ ရက်က ဒေသပေါင်း ၂၀ ကျော် ပါဝင်ခဲ့သည်။
အပူလှိုင်း ခံစားနေရသော ဒေသများတွင် ကြုံတွေ့ရသည့် အပူချိန် ၃၈ ဒီဂရီဆဲလ်စီးယပ်စ် သို့မဟုတ် အမှန်တကယ် အပူချိန် ၃၉ ဒီဂရီဆဲလ်စီးယပ်စ်သို့ တစ်ရက်တာ ရောက်ရှိမည်ဟု ခန့်မှန်းရပါက အရေးပေါ် သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်သည်။
နိုင်ငံအတွင်း နှစ်စဉ် ပျမ်းမျှ အပူလှိုင်းကျရောက်သည့် ရက်ပေါင်းမှာ ၁၉၇၀ ပြည့်လွန်နှစ်များက ၈ ရက်ရှိခဲ့ရာမှ လွန်ခဲ့သည့် ၅ နှစ်အတွင်း ၁၉ ရက်အထိ နှစ်ဆကျော် တိုးလာကြောင်း KMA ဒေတာများက ဖော်ပြသည်။
အမြင့်ဆုံး အပူချိန် အနည်းဆုံး ၃၃ ဒီဂရီဆဲလ်စီးယပ်စ်ရှိသော ရက်ကို အပူလှိုင်းကျသည့်ရက် ဟု သတ်မှတ်ပြီး ညဘက် အနိမ့်ဆုံး အပူချိန် ၂၅ ဒီဂရီဆဲလ်စီးယပ်စ် သို့မဟုတ် ထိုထက်ပို၍ ရှိနေသောညကို အပူပိုင်းည ဟု သတ်မှတ်သည်။
လူသားတို့ကြောင့် ဖြစ်ပွားရသော ရာသီဥတု ပြောင်းလဲမှု၏ ရလဒ်ကြောင့် အပူလှိုင်းများကဲ့သို့သော ပြင်းထန်သည့် ရာသီဥတု ဖြစ်စဉ်များသည် ပိုမိုမကြာခဏ ဖြစ်ပွားလာပြီး ပိုမို ပြင်းထန်လာနေကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။
Ref:AFP
Photo:AFP