
ဒီအာကွန်ဂို နိုင်ငံရှိ အီဘိုလာ ရောဂါကူးစက်ပြန့်ပွားမှုသည် အဆမတန် မြန်ဆန်သော နှုန်းထားဖြင့် ပိုမို ပြင်းထန်လာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဩဂုတ် ၁ ရက်တွင် သတိပေးခဲ့ပြီး ကျန်းမာရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။
"ယခု ကူးစက်ပြန့်ပွားမှုဟာ ဒီအာကွန်ဂိုမှာ မှတ်တမ်းတင်ထားသမျှ စာရင်းတွေထဲမှာ အကြီးမားဆုံး အီဘိုလာ ဗိုင်းရပ်စ် ရောဂါ ကူးစက်မှုဖြစ်ပါတယ်" ဟု WHO က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။
အဆိုးရွားဆုံး အီဘိုလာ ရောဂါ ဖြစ်ပွားမှုသည် ၂၀၁၈ မှ ၂၀၂၀ အထိ ဒီအာကွန်ဂိုတွင် ဖြစ်ပွားခဲ့ပြီး ရောဂါကူးစက်သူ စာရင်းဝင် ၃,၅၀၀ နီးပါးအနက် ၂,၃၀၀ နီးပါး သေဆုံးခဲ့သည်။
လက်ရှိ ရောဂါကူးစက်မှုကို မေလ ၁၅ ရက်တွင် စတင်ကြေညာခဲ့ပြီး ခွင့်ပြုချက်ရရှိထားသည့် ကာကွယ်ဆေး သို့မဟုတ် ကုသဆေး မရှိသေးသော ဘန်ဒီဘူဂျို ဗိုင်းရပ်စ်မျိုးစိတ်ကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။
ဇူလိုင်လ ၃၀ ရက်အထိ WHO ၏ ထုတ်ပြန်ချက်အရ ဒီအာကွန်ဂိုတွင် သေဆုံးသူ ၁,၅၈၇ ဦး အပါအဝင် အတည်ပြုလူနာ စုစုပေါင်း ၃,၆၀၅ ဦး စာရင်းရရှိထားပြီး သေဆုံးမှုနှုန်း ၄၄ ရာခိုင်နှုန်း ရှိနေသည်ကို တွေ့ရသည်။
ရောဂါကူးစက်မှုသည် ဆက်လက် ပြန့်ပွားနေပြီး သတင်းပို့ရရှိသည့် လူနာနှင့် သေဆုံးသူ အရေအတွက် ဆက်လက် မြင့်တက်လာသည်နှင့်အမျှ ပိုမို ပြင်းထန်လာနေသည် ဟု WHO က သတိပေးခဲ့သည်။
ခန္ဓာကိုယ်မှထွက်ရှိသည့်အရည်များနှင့် ထိတွေ့ခြင်းမှတစ်ဆင့် ပြန့်ပွားပြီး သွေးလွန်တုပ်ကွေး ရောဂါ လက္ခဏာများကို ဖြစ်ပေါ်စေသည့် အီဘိုလာ ရောဂါကြောင့် လွန်ခဲ့သည့် နှစ် ၅၀ အတွင်း အာဖရိကတစ်ဝန်းတွင် လူ ၁၅,၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။
လက်ရှိ ရောဂါကူးစက်မှု၏ ဗဟိုချက်မှာ တောင်ဆူဒန်နှင့် ယူဂန်ဒါ နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အရှေ့မြောက်ပိုင်း အီတူရီ ပြည်နယ် ဖြစ်သည်။
ဗိုင်းရပ်စ်သည် ရဝမ်ဒါက ကျောထောက်နောက်ခံပေးထားသည့် M23 လက်နက်ကိုင်အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ပြည်နယ်မြို့တော်များနှင့် မြေနေရာ အမြောက်အမြား ရှိနေသော မြောက်ကီဗူး နှင့် တောင်ကီဗူး အပါအဝင် အခြားပြည်နယ် ၄ ခုသို့လည်း ပျံ့နှံ့သွားခဲ့သည်။
မတည်ငြိမ်မှုများ၊ လူထု စစ်ဘေးရှောင်ရမှုနှင့် ရွှေ့ပြောင်းသွားလာမှုများ၊ ဘက်ပေါင်းစုံ နယ်စပ်ဖြတ်ကျော် သွားလာမှုများ ပေါင်းစည်းသွားခြင်းသည် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများကို အတားအဆီးဖြစ်စေပြီး ပထဝီဝင်အနေအထားအရ ထပ်မံ ပြန့်ပွားနိုင်ခြေ အန္တရာယ်ကို မြင့်တက်စေသည်ဟု WHO က ပြောကြားခဲ့သည်။
လက်ရှိ ရောဂါကူးစက်မှုကို တိုက်ထုတ်ရန် အလားအလာ အကောင်းဆုံး ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တင်စားထားသော ကာကွယ်ဆေးကို စင်ကာပူအခြေစိုက် Hilleman Laboratories က ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၃၀ ရက်တွင် ကြေညာခဲ့သည်။
လွန်ခဲ့သည့် သီတင်းပတ်က အောက်စ်ဖို့ဒ်တက္ကသိုလ်မှ စမ်းသပ်သုတေသနပြုလုပ်လျက်ရှိသော အခြား ဘန်ဒီဘူဂျိုကာကွယ်ဆေးတစ်မျိုး၏ ပထမဆုံး dose ကို စေတနာ့ဝန်ထမ်း တစ်ဦးက ပထမဆုံး ထိုးနှံမှုခံယူခဲ့သည်။
Ref:AFP
Photo:AFP