Eleven Media Group

တိုက်ခိုက်ခြင်းမပြုရန် အီရန်က အမေရိကန်ကို မေတ္တာရပ်ခံခဲ့သည်ဟူသော သမ္မတဒေါ်နယ်ထရန့် ၏ပြောကြားမှုကို အီရန်မီဒီယာ ငြင်းဆန်

တိုက်ခိုက်မှုအသစ်များ လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်ရန် အီရန်က အမေရိကန်အား မေတ္တာရပ်ခံခဲ့သည်ဟု သော သမ္မတဒေါ်နယ်ထရန့်၏ ပြောကြားမှုကို ဩဂုတ် ၂ ရက်တွင် အီရန်၏ မီဟာသတင်းဌာနက ငြင်းဆန်ခဲ့သည်။

အဆိုပါသတင်းဌာနက စစ်ဘက်တာဝန်ရှိသူများ၏ ပြောဆိုမှုများကို ကိုးကားဖော်ပြခဲ့ရာတွင် အဆိုပါပြောကြားမှုသည် လိမ်လည်မှုအသစ်ဖြစ်ရုံမှလွယ်၍ ဘာမှမဟုတ်ဘူးဟု ဖော်ပြခဲ့ပြီး အီရန်တပ်ဖွဲ့များသည် အမြင့်ဆုံးတပ်လှန့်သည့် အနေအထားတွင်ရှိနေပြီး ဖြစ်လာနိုင်စရာရှိသော နောက်ဆုံးအခြေအနေများအတွက် အဆင်သင့်ဖြစ်နေသည်ဟု ဆိုခဲ့သည်။

ထရန့်က ဩဂုတ် ၁ ရက်တွင် ပြောကြားခဲ့ရာ၌ အမေရိကန်က အီရန်ကိုတိုက်ခိုက်ရန်အသင့် ဖြစ်နေသည်ဟု ဆိုခဲ့သော်လည်း အီရန်နှင့်အခြား အရှေ့အလယ်ပိုင်းနိုင်ငံများက လောလောလတ်လတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်ရန်မိမိအား မေတ္တာရပ်ခံခဲ့သည်ဟု ပြောကြားခဲ့သည်။

အီရန်နှင့်သဘောတူညီချက်ရရှိခဲ့သည့် အခြေအနေပေါ်မူတည်၍ ဆုံးဖြတ်ချက်ကို မိမိကချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ထရန့်က ပြောကြားခဲ့သည်။

"အဲဒီသဘောတူညီချက်ထဲမှာ ဟော်မုဒ်ရေလက်ကြားကို ချက်ချင်းပြန်ဖွင့်တာ၊ အပြည့်အဝပြန်ဖွင့်တာ၊ လုံးလုံး ပြန်ဖွင့်တာတို့ ပါဝင်ပါလိမ့်မယ်။ အီရန်ရဲ့ နျူကလီးယားခြိမ်းခြောက်မှု အဆုံးသတ်သွားတာလည်း ပါဝင်ပါလိမ့် မယ်"ဟု Truth Social ပို့စ်တွင် ထရန့်က ရေးခဲ့သည်။

ဩဂုတ် ၂ ရက်တွင် အီရန်၏ Fars သတင်းဌာနက အီရန်စေ့စပ်ညှိနှိုင်းရေးသမားများနှင့် နီးစပ်သော သတင်းအရင်းအမြစ်ကို ကိုးကားဖော်ပြခဲ့ရာ၌ အမေရိကန်ပြည်ထောင် စုက၎င်း၏ ရန်လိုသော လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နေသရွေ့ ဟော်မုဒ်ရေလက်ကြား ပိတ်နေမည်ဟု ဖော်ပြခဲ့သည်။

Ref:AFP,AFP photos

မူရင်းသတင်း — Eleven Media Group