Eleven Media Group

■ဘန်ကောက်ရှိ တရားမဝင်အရက်ဆိုင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီး

■မြန်မာနိုင်ငံသား ၁၁ ဦးနှင့် ထိုင်းဆိုင်ရှင် ဖမ်းဆီးခံရ

ဘန်ကောက် Wang Thonglang တွင် တရားမဝင် ဖွင့်လှစ်ထားသည့် အရက်ဆိုင်တစ်ဆိုင်ကို ထိုင်းရဲတပ်ဖွဲ့က သြဂုတ် ၂ ရက် နံနက်အစောပိုင်းက ဝင်ရောက်စီးနင်းခဲ့​ပြီး မူးယစ်ဆေးဝါးများနှင့်အတူ မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးလိုက်သည်ဟု ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။

မြန်မာနိုင်ငံသား ၁၁ ဦးအနက် အသက် ၁၈ နှစ်မပြည့်သေးသူ တစ်ဦးလည်း ပါဝင်သည်။

ပရာဒစ်မနုသမ် ၂ လမ်းရှိ အဆောက်အအုံကို ဝင်ရောက်ရှာဖွေခဲ့ရာ ဆိုင်အတွင်း၌ မူးယစ်ဆေးဝါး သုံးစွဲနေသူများနှင့် ဆူဆူညံညံ ဂီတသံဖြင့် ကခုန်ပျော်ပါးနေကြသူများကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါစီးနင်းမှုအတွင်း ကီတမင်းမူးယစ်ဆေး အလေးချိန် ဂရမ်ဝက်ခန့်နှင့် မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၁ ဦးကို မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အချို့က နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားခြင်း မရှိကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

အရက်ဆိုင်ကို ဖွင့်လှစ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ဆိုင်ရှင်ကိုလည်း မူးယစ်ဆေးဝါး သုံးခွင့်ပြုမှု၊ အသက်မပြည့်သေးသူများကို တရားမဝင် ဖျော်ဖြေရေးဆိုင်အတွင်း ဝင်ခွင့်ပြုမှု၊ အရက်ရောင်းချခွင့် လိုင်စင်မရှိဘဲ အရက်ရောင်းချမှု ၊ တရားမဝင် ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်မှုနှင့် သတ်မှတ်ချိန်ပြင်ပတွင် အရက်ရောင်းချမှုတို့ဖြင့် အရေးယူထားသည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

Ref: Bangkok Post

မူရင်းသတင်း — Eleven Media Group