
ငဝန်ရေကာတာကျိုးပေါက်ခဲ့သည့်နေရာ၌ ဆက်လက်ဆောင်ရွက်နေသည့် အစီအမံများနှင့်စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် ဩဂုတ်လ(၂)ရက်နေ့ ၊ ညပိုင်းတွင် ထိုသို့သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က "လက်ရှိ ကမ်းရင်းတာ(တာဟောင်း)အား ရေတိုက်စားပြိုကျမှုမှ ကာကွယ်နိုင်ရန်အတွက် တာခြေထောက်ခြင်း လုပ်ငန်းများအဖြစ် Geo Bag ကမ်းထိန်းအိတ်များချခြင်း၊ မျောတုတ်တန်းကာ၍ သဲအိတ်ဖြည့်ခြင်းလုပ်ငန်းများ၊ ကမ်းရင်းတာ(တာဟောင်း) ၁၂၀ ပေ ရေဝင်ပေါက်အား ဘေးနှစ်ဖက် မျောတုတ်တန်းများရိုက်၍ သဲအိတ်များ ထည့်ကာ ရေစီးကြောင်းအရှိန်လျော့ချရေး ဆောင်ရွက်ခြင်းလုပ်ငန်းများ၊ ပန်းတာအား ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် လိုအပ်သော တိုင်းတာမှုလုပ်ငန်းများနှင့် ပစ္စည်းစုဆောင်းခြင်း လုပ်ငန်းဆောင် ရွက်နေမှုများ၊ ရေနက်စီးကြောင်း ပိတ်ဆို့ဟန့်တားရန်အတွက် Geo Bag များ၊ ကျောက်ဖြည့်သံခြင်းချခြင်း လုပ်ငန်းများကို စက်ယန္တယားများရောက်ရှိပါက ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေစီးကြောင်းအရှိန်လျော့ချရေးနှင့် ရေနက်စီးကြောင်း ပိတ်ဆို့ဟန့်တားရန်အတွက် Geo Bag များ၊ ကျောက်ဖြည့်သံခြင်းချခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် သဲနှင့် ကျောက်များကို ရနိုင်သည့် အနီးဆုံးနေရာများမှ သယ်ယူဆောင်ရွက်နိုင်ရေးနှင့် စက်ယန္တယားများ အမြန်ဆုံးရောက်ရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။
ဇူလိုင်လ(၃၀)ရက်က ရေကာတာကျိုးပေါက်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး လေးမျက်နှာမြို့နယ် ငဝန်မြစ်အရှေ့ဘက်ကမ်း မြို့ရွာဒေသရှိ လူနေအိမ်ပေါင်းများစွာနှင့် စိုက်ပျိုးမြေများ ရေဘေးအန္တရာယ်ကြုံတွေ့လျက်ရှိပြီး ကူညီကယ်ဆယ်လုပ်ငန်းများ ဆောင်ရွက်နေရဆဲဖြစ်သည်။