Eleven Media Group

ပီရူးတွင် ကမ္ဘာလှည့်ခရီးသွားများ တင်ဆောင်လာသည့် လေယာဉ်ငယ်တစ်စင်း ပျက်ကျပြီး လူ ၁၃ ဦးသေဆုံး

ပီရူးနိုင်ငံတွင် သဲကန္တာရအတွင်း ရုပ်ပုံများရေးဆွဲထားသည့် Nazca Lines ဟု လူသိများသည့် ရှေးဟောင်း သုတေသနနေရာတစ်ခုကို လေ့လာကြည့်ရှုသည့် ကမ္ဘာလှည့်ခရီးသွားများ တင်ဆောင်လာသည့် လေယာဉ် ငယ်တစ်စင်းသည် ဩဂုတ် ၁ ရက်က ပျက်ကျခဲ့သဖြင့် လေယာဉ်ပေါ်လိုက်ပါသွားသူ ၁၃ ဦးစလုံး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

သေဆုံးသူများထဲတွင် အီတလီနိုင်ငံသား ၇ ဦး၊ ဂျာမနီနိုင်ငံသား ၂ ဦးနှင့် စပိန်နိုင်ငံသား ၂ ဦးတို့ ပါဝင်ပြီး လေယာဉ်မှူး ၂ ဦးလည်း သေဆုံးခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်သည် လီမာမြို့တော်၏တောင်ဘက် ကီလိုမီတာ ၂၄၀ (မိုင် ၁၅၀)ခန့်အကွာတွင် တည်ရှိသော ပီစကိုလေဆိပ်မှ Cessna 208 Caravan လေယာဉ် စတင်ထွက်ခွာပြီးနောက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"ခရီးသည် ၁၁ ဦးနဲ့ လေယာဉ်မှူး ၂ ဦး သေဆုံးသွားခဲ့တယ်လို့ သတင်းအချက်အလက် ရရှိထားပါတယ်။ မတော်တဆဖြစ်ပွားမှုဟာ ပြင်းထန်လွန်းတာကြောင့် အသက်ရှင်ကျန်ရစ်သူ မရှိပါဘူး။ အခုအချိန်အထိ ရုပ်အလောင်း ၄ လောင်းကို ရရှိထားပါတယ်" ဟု ရဲမှူး ဂျော့ဂျ်အန်ဒရာဒေ့က လေယာဉ်ပျက်ကျသည့် နေရာတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ထို့ပြင် လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး ၎င်းက ချက်ချင်းပြောဆိုခဲ့ခြင်းမရှိဘဲ ပီရူးလေကြောင်းအာဏာပိုင်အဖွဲ့ကမူ ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group