
တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စင်းသည် လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် ယနေ့ (သြဂုတ် ၃ ရက်) နံနက်ပိုင်းက ငှက်တစ်ကောင် တိုက်ခိုက်မှုကြောင့် ပျက်ကျခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စင်းသည် လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် ယနေ့ (သြဂုတ် ၃ ရက်) နံနက် ၅ နာရီ ၁၆ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့၏ အရှေ့တောင်ဘက် မီတာ ၈၅၀၀ ခန့်အကွာ ညောင်နှစ်ပင်ကျေးရွာအနီးသို့အရောက် ငှက်တစ်ကောင်ဖြင့် တိုက်ခိုက်မှု (Bird Strike) ဖြစ်ပွားပြီး အင်ဂျင်ခန်းအတွင်းသို့ ဝင်ရောက်သဖြင့် အင်ဂျင်မီးလောင်မှုဖြစ်ပွားခဲ့ရာ လေယာဉ်မှူးအနေဖြင့် လေယာဉ်၏ အနေအထားကို လူနေအိမ်ရှင်းသည့် အရပ်မျက်နှာဘက်သို့ လှည့်၍ Eject ပြုလုပ် ခုန်ထွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်ပျက်ကျခဲ့သည့် နေရာတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်တွင် လေယာဉ်ပေါ်၌ လိုက်ပါလာသည့် လေယာဉ်အမှုထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။