Eleven Media Group

■ အီသီယိုးပီးယားစစ်တပ်နှင့် တီဂရေးသူပုန်များအကြား တိုက်ပွဲများ ပြန်လည်ငြိမ်သက်

ဆူဒန်နယ်စပ်အနီး တင်းမာမှုများ မြင့်တက်လာခဲ့ပြီးနောက် အီသီယိုးပီးယား စစ်တပ်နှင့် တီဂရေး သူပုန်များအကြား တိုက်ပွဲများပြန်လည်ငြိမ်သက်သွားခဲ့ပြီဖြစ်ကြောင်း ဒေသခံများနှင့် လုံခြုံရေးဆိုင်ရာ သတင်းအရင်းအမြစ်များက ဩဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်။

"တိုက်ပွဲတွေ လျော့ကျသွားပါပြီ" ဟု တီဂရေး ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) အဖွဲ့ဝင်တစ်ဦးက သေဆုံးဒဏ်ရာရသူ စာရင်းကို ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ ပြောပြခဲ့သည်။

လက်နက်ကြီးများနှင့် ဒရုန်းများ ပါဝင်သည့် တိုက်ပွဲများသည် ဩဂုတ် ၁ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၆ နာရီ ခန့်တွင် ရှီရီးရီးနား ဒေသ၌ စတင်ဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီခန့်တွင် ပြီးဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆက်လက်ပြောပြခဲ့သည်။

နောက်ထပ်လုံခြုံရေး သတင်းရင်းမြစ်တစ်ခုကလည်း တိုက်ပွဲများ ရပ်တန့်သွားပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။

နိုင်ငံရေးပါတီများ စာရင်းမှ ပယ်ဖျက်ခံထားရသော်လည်း ဒေသတွင်း၌ ဩဇာလွှမ်းမိုးမှု ရှိနေဆဲဖြစ်သည့် TPLF အဖွဲ့က ဖက်ဒရယ် အစိုးရ အာဏာပိုင်များသည် ၎င်းတို့၏ ဖျက်ဆီးရေး လုပ်ရပ်များကို ပိုမို အရှိန်မြှင့်တင် လာခဲ့ပြီး ပိုမို မြင့်မားသည့် အဆင့်သို့ အဆင့်မြှင့်တင် လုပ်ဆောင်လာခဲ့သည် ဟု ဩဂုတ် ၁ ရက်တွင် စွပ်စွဲခဲ့သည်။

ထို့အပြင် ၎င်းတို့က အကြီးစား ခြေလျင်စစ်ဆင်ရေး ပြုလုပ်ခဲ့မှုအပေါ်လည်း ပြစ်တင်ရှုတ်ချခဲ့သည်။

ဖက်ဒရယ် အစိုးရ အာဏာပိုင်များဘက်မှမူ ချက်ချင်း ပြန်လည် တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။

TPLF ၏ စွပ်စွဲပြောဆိုချက်များ သို့မဟုတ် ရှီရီးရီးနားတွင် မည်သည့်တပ်ဖွဲ့များ ရောက်ရှိနေသည်ဆိုသည့် အချက်များကို AFP အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

Ref:AFP
Photo:AFP

မူရင်းသတင်း — Eleven Media Group