
ဩဂုတ် ၁၂ ရက်တွင် ဖြစ်ပေါ်မည့် အပြည့်အဝ နေကြတ်မှုဖြစ်စဉ်ကို စပိန် ၊ အိုက်စလန်နှင့် ဂရင်းလန်းတို့တွင် မြင်တွေ့ရမည်ဖြစ်ပြီး စပိန်နိုင်ငံတွင် ရာစုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် အပြည့်အဝ နေကြတ်မှုကို မြင်တွေ့ရမည်။
ကမ္ဘာ၊ နေနှင့်လတို့ တစ်တန်းတည်းကျရောက်သည့်အတွက် နေ့ဘက်တွင် ခေတ္တအမှောင်ကျသွားမည်ဖြစ်ကာ အများဆုံး ၂ မိနစ် ၁၈ စက္ကန့် ကြာမြင့်မည်ဖြစ်ပြီး အိုက်စလန်အနောက်ဘက်ကမ်းလွန်တွင် အကြာဆုံး မြင်တွေ့နိုင်မည်ဖြစ်သည်။
စပိန်နှင့် ပေါ်တူဂီသို့ ရောက်ရှိချိန်တွင် နေကြတ်ချိန် ၁ မိနစ်ခန့်သာ ကျန်တော့မည်ဖြစ်ပြီး ကနေဒါ၊ အမေရိကန်မြောက်ပိုင်း၊ ဥရောပနှင့် အနောက်အာဖရိကဒေသ၌လည်း တစ်စိတ်တစ်ပိုင်း နေကြတ်မှုကို မြင်နိုင်မည်ဟု သိရသည်။
နေကြတ်မှုကို ကြည့်ရှုရာတွင် အထူးနေကြတ်မျက်မှန်ကို မဖြစ်မနေ ဝတ်ရမည်ဖြစ်ပြီး နေရောင်အနည်းငယ် ကျန်နေသေးသည့်တိုင် မျက်စိဖြင့် တိုက်ရိုက်မကြည့်ရဟု သိပ္ပံပညာရှင်များက သတိပေးထားသည်။
ထူးခြားမှုက နေကြတ်မည့်နေ့ နံနက်အစောပိုင်းတွင် ဂြိုဟ်ခြောက်လုံးကို ကောင်းကင်တွင် စီတန်းမြင်ရ မည်ဖြစ်ပြီး နေကြတ်နေစဉ်အတွင်း တောက်ပသည့်ဂြိုဟ်များနှင့် ကြယ်များကိုလည်း တွေ့နိုင်ဖွယ်ရှိသည်။
အဆိုပါဖြစ်စဉ်ကို ဥရောပ အာကာသအေဂျင်စီက စပိန်နိုင်ငံရှိ Javalambre Astrophysical Observatory မှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကာ နာဆာနှင့် အခြားနက္ခတ္တဗေဒ အဖွဲ့များကလည်း တိုက်ရိုက်အစီအစဉ်များဖြင့် ထုတ်လွှင့်ကြမည်။
ထို့ပြင် ၂၀၂၇ ခုနှစ် ၊ ဩဂုတ် ၂ ရက်တွင် စပိန်တောင်ပိုင်းကို ဖြတ်သန်းမည့် နေကြတ်မှုက ၆ မိနစ် ၂၃ စက္ကန့်အထိ ကြာမြင့်မည်ဖြစ်ကာ မော်ရိုကို၊ အယ်လ်ဂျီးရီးယား၊ လစ်ဗျား၊ အီဂျစ်၊ ဆော်ဒီအာရေဗျ၊ ယီမင်နှင့် ဆိုမာလီယာနိုင်ငံများအထိ ဆက်လက်ဖြတ်သန်းသွားမည်။
Ref: AP, Photos: AP