Eleven Media Group

■ မော်လမြိုင်မြို့ တောင်ရိုးတန်း View Ponit အောက်ဘက် ချစ်သူလမ်းကြားတွင် ဆိုင်ကယ် Taxi မောင်းသမားအသတ်ခံရမှုမှ ကျူးလွန်သူဟု ယူဆရသူ (၃) ဦးလုံးအား ဖမ်းဆီးရမိခဲ့

မော်လမြိုင်မြို့ တောင်ရိုးတန်း View Ponit အောက်ဘက် ချစ်သူလမ်းကြားတွင် ဆိုင်ကယ် Taxi မောင်းသမားအသတ်ခံရမှုမှ ကျူးလွန်သူဟု ယူဆရသူ (၃) ဦးလုံးအား ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂) ရက်နေ့ နံနက်ပိုင်းအချိန်က မော်လမြိုင်မြို့၊ တောင်ရိုးတန်း View Ponit အောက်ဘက် ချစ်သူလမ်းကြားတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် ဆိုင်ကယ် Taxi မောင်းသမားတစ်ဦး၏ ရုပ်အလောင်းအားတွေ့ရှိခဲ့ရကြောင်း၊ သေဆုံးနေသူမှာ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ စာရေးကြီးကုန်းရပ် (၆) လမ်းနေ အသက် (၄၅) နှစ်အရွယ် ဦးအောင်ဟိန်းဦး ဆိုသူဖြစ်ကြောင်းနှင့် ၎င်းမှာ ဇူလိုင်လ (၁) ရက်နေ့ ညပိုင်းကတည်းက အသတ်ခံရပြီး ဆိုင်ကယ်လုယက်ခံခဲ့ရခြင်းဖြစ်သည်။

ထိုဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသူများမှာ ပဲခူးတိုင်းဒေသကြီး၊ ကျောက် ကြီးမြို့နယ်၊မုန်းကျေးရွာအုပ်စု၊ တုံးတောကျေး ရွာ‌နေ အသက် (၂၀) နှစ်အရွယ် တိုးချစ်လင်း (ခ)မွန်လေး ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြိုနယ်၊ အင်းကြီးအုပ်စု၊ ကွက်သစ်ကြီးကျေးရွာနေ အသက် (၁၉) နှစ်အရွယ်ဖြိုးဝေကျော် (ခ) ဂျွန်ကိုထက်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ကြံခင်းမြို့နယ်‌နေ အသက် (၁၉) နှစ်အရွယ် လရောင်ခန့် (ခ) ဝတုတ် တို့ဖြစ်ကြကြောင်း နှင့် ကျူးလွန်သူဟု ယူဆရသူတစ်ဦးအား ဇူလိုင်လ (၂၃) ရက်နေ့က ကရင်ပြည်နယ် မြဝတီမြို့တွင် ဖမ်းဆီးရမိခဲ့ပြီး ကျန် (၂) ဦးအား ကြံခင်းမြို့ နှင့် ဇင်းကျိုက်မြို့တို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောကြားသည်။

၎င်းကဆက်လက်ပြီး "CCTV မှတ်တမ်းတွေအရ မသင်္ကာသူတွေကို လိုက်လံစစ်‌ဆေးကြည့်တော့ အခင်းဖြစ်တဲ့ နောက်ရက်‌တွေမှာ ဆိုင်ကယ် Taxi တစ်စီး နဲ့ အမျိုးသား (၃)ဦး စီးသွားတာတွေ့တယ်။ သူတို့စီးသွားတဲ့ဆိုင်ကယ်သမားကို စစ်မေးကြည့်တော့ (၃) ယောက်လုံးကို မြိုင်သာယာရပ်ကွက်ထဲက ရွှေသံစဉ် KTV မှ ချထားပေးခဲ့တယ်ဆိုလိုစုံစမ်းဖော် ထုတ်နိုင်ခဲ့တယ်" ဟု ပြောကြားသည်။

ကျူးလွန်သူဟု ယူဆရသူ (၃) ဦးအနက် (၁) ဦးဖြစ်သူ၏ ညီမဖြစ်သူမှာ ရွှေသံစဉ် KTV တွင်အလုပ်လုပ်နေသူဖြစ် ကြောင်း၊ ၎င်းအား ဆိုင်ကယ် ရောင်းရသည်ပိုက်ဆံတချို့အပ်ကာ ကျူးလွန်သူဟု ယူဆရသူ (၃) ဦးမှာထွက်ပြေးသွားကြခြင်းဖြစ်သည်ဟု သိရကြောင်း ၎င်းကဆိုသည်။

၎င်းတို့ (၃) ဦးမှာ မော်လမြိုင်၊‌ မောင်ငံရပ်ကွက်၊‌ ကျောက်မီးသွေးရုံမီးပွိုင်အနီးရှိ စားသောက်ဆိုင်နှင့် မော်လမြိုင်မြို့၊ တောင်ဝိုင်းလမ်းမပေါ်ရှိ The Vibe Bar တွင်လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး၊ လူသတ်ပြီးလုယက်ခဲ့သည့် ဆိုင်ကယ်အား ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့တွင် ၁၄ သိန်း ၇ သောင်းကျပ် နှင့်ရောင်းချသွား‌ကြောင်းနှင့် ဆိုင်ကယ်အား ဇင်းကျိုက်မြို့မှ ပြန်လည် သိမ်းဆည်းခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဆိုင်ကယ် Taxi သမားဖြစ်သူ ဦးအောင်ဟိန်းဦး မှာ ဇူလိုင်လ (၁) ရက်နေ့ ညနေ (၅) နာရီခွဲအချိန်ခန့်က ဆိုင်ကယ် Taxi မောင်းနှင်ရန် နေအိမ်မှထွက်ခွာသွားရာမှ ည (၁၁) နာရီအချိန်အထိနေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသည့်အတွက် ၎င်းကိုင်ဆောင်သော လက်ကိုင်ဖုန်းအား မိသားစုဝင်များက အကြိမ်ကြိမ်ဆက်သွယ်ရာ ဖုန်းဝင်သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

ထို့နောက် ဇူလိုင်လ (၂) ရက်နေ့န့နက် (၆) နာရီအချိန်တွင် ဦးအောင်ဟိန်းဦး ၏ လက်ကိုင်ဖုန်းအား မိသားစုဝင်များက ထပ်မံဆက်သွယ်ခဲ့ရာ ယင်းအနီးရှိ လမ်းလုပ်သားတစ်ဦးက ကိုင်ဆောင်ပြီး တည်နေရာအား ပြောကြားခဲ့ပြီးနောက် မိသားစုဝင်များထံ လက်ကိုင်ဖုန်းအား ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် မိသားစုဝင်များက အကျိုးအကြောင်းပြောပြကာ အဆိုပါ ချစ်သူလမ်းကြားဘေးခြုံစပ်အနီးလိုက်လံရှာဖွေမှုများလုပ်ဆောင်ခဲ့ရာ လမ်းဘေးခြုံအတွင်းမှ ဦးအောင်ဟိန်းဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဦးအောင်ဟိန်းဦး၏ ရုပ်အလောင်းတွင် လည်ပင်း၌ ထိုးသွင်းဒဏ်ရာ (၃) ချက်တွေ့ရှိရပြီး ဆိုင်ကယ်မှာလည်း ပျောက်ဆုံးနေသည့်အတွက် လူသတ်ကာ ဆိုင်ကယ်လုယက်ခံခဲ့ရခြင်းဖြစ်ကြောင်းနှင့် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မော်လမြိုင်မြို့၊ စစ်ကဲကုန်းနယ်မြေရဲစခန်းတွင် အမှုကြီးအမှတ်စဉ် (၁/၂၀၂၆)၊ (ပ) ၇၇/၂၀၂၆၊ ရာဇာသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group