
ဩဂုတ် ၂ ရက်တွင်ကျူးဘား၏ မဟာဓာတ်အားလိုင်းပြတ်တောက်သွားခဲ့သောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထပ်မံပြတ်တောက်သွားခဲ့သည်ဟု နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားလုပ်ငန်းက လူမှုကွန်ရက်စာမျက်နှာတွင် သတင်းထုတ်ပြန်ခဲ့သည်။
သြဂုတ် ၂ ရက်က ဟာဗနားတစ်ခွင်လျှပ်စစ်ဓာတ်အားစနစ် ရုတ်တရက်ပြတ်တောက်သွားသောကြောင့် နွေရာသီအပူဒဏ် သက်သာစေရေး အတွက် နေအိမ်ပြင်ပကို ထွက်နေသည့် မြို့ခံများ ညည်းတွားခဲ့ကြသည်။
ကျူးဘားနိုင်ငံသည် ဟောင်းနွမ်းနေပြီဖြစ်သော စက်ပစ္စည်းများအပြင် ဓာတ်အားပေးစက်ရုံများအတွက် လောင်စာဆီ ပုံမှန်တင်သွင်းမှုကို ရပ်တန့်စေခဲ့သည့် အမေရိကန်၏ စွမ်းအင်ဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကြောင့် အလှည့်ကျ လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရသည်မှာ ကြာနေပြီဖြစ်သည်။
နိုင်ငံပိုင် UNE လျှပ်စစ်လုပ်ငန်း၏ ထုတ်ပြန်ချက်အရ မဟာဓာတ်အားလိုင်းတစ်ခုလုံး "လုံးဝ ချိတ်ဆက်မှုပြတ်တောက်သွားခြင်း" ဖြစ်ပြီး မြို့တော်အပါအဝင် တစ်နိုင်ငံလုံး ရုတ်တရက် အမှောင်ကျသွားခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
ယခုဖြစ်စဉ်သည် လျှပ်စစ်ဓာတ်အားပေးစနစ် တစ်ခုလုံး အပြီးတိုင် ပြိုလဲသွားသည့် နောက်ဆက်တွဲ သတင်းဖြစ်ပြီး လွန်ခဲ့သည့် ၂၄ နာရီကလည်း နိုင်ငံ၏ အနောက်ဘက်ခြမ်းတစ်ခုလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သေးသည်။
ယခုကဲ့သို့ လျှပ်စစ်ဓာတ်အား မကြာမကြာပြတ်တောက်မှုများကြောင့် ရေပေးဝေမှုများ ရပ်ဆိုင်းသွားခြင်း၊ ပန်ကာများ ရပ်တန့်သွားခြင်းတို့ ဖြစ်ပေါ်ခဲ့ရပြီး ပြည်သူများ၏ ပုံမှန်လူနေမှုဘဝကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။