Eleven Media Group

■ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံစကားပြောဆိုခွင့်ရရှိခဲ့ကြောင်း ICRC ထုတ်ပြန်

■ တွေ့ဆုံမှုနှင့် ပတ်သက်ပြီး တွေ့ရှိခဲ့သည့် လေ့လာတွေ့ရှိချက်များနှင့် အကြံပြုချက်များကို အကျဉ်းထောင်တာဝန်ရှိသူများနှင့်သာ အတွင်းရေးကိစ္စအဖြစ် ထိန်းသိမ်းထားမည်ဟုဆို

ဒေါ်အောင်ဆန်းစုကြည်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်တစ်ဦးက ယနေ့ (သြဂုတ် ၃ ရက်) တွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း ICRC က ထုတ်ပြန်သည်။

ထိုတွေ့ဆုံမှုကို လွတ်လပ်ခွင့် ဆုံးရှုံးနေသူများထံသို့ သွားရောက်တွေ့ဆုံလည်ပတ်ခြင်းဆိုင်ရာ ICRC ၏ စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံစကားပြောဆိုခွင့်ရရှိခဲ့ကြောင်း ICRC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ICRC ၏ လုပ်ငန်းဆောင်ရွက်ပုံနည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် အကျဉ်းထောင်သို့ သွားရောက်လည်ပတ်မှုများတွင် မိသားစုများနှင့် မိသားစုသတင်းစကားများ ပေးပို့ဖလှယ်နိုင်မည့် အခွင့်အရေးလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ICRC ၏ အကျဉ်းထောင်ဆိုင်ရာလုပ်ငန်း၏ ဓလေ့ထုံးစံနှင့်အညီ သွားရောက်လည်ပတ်မှုအတွင်း တွေ့ရှိခဲ့သည့် လေ့လာတွေ့ရှိချက်များနှင့် အကြံပြုချက်များကို အကျဉ်းထောင်တာဝန်ရှိသူများနှင့်သာ အတွင်းရေးကိစ္စအဖြစ် ထိန်းသိမ်းထားရှိပြီး မျှဝေသွားမည်ဖြစ်ကြောင်း ICRC က ထုတ်ပြန်သည်။

လုပ်ထုံးလုပ်နည်းအတိုင်း၊ အဆိုပါ သွားရောက်တွေ့ဆုံမှုနှင့် သက်ဆိုင်သည့် လေ့လာတွေ့ရှိချက်များနှင့် အကြံပြုချက်များကို ထိန်းသိမ်းထားရှိသည့် တာဝန်ရှိအဖွဲ့အစည်းများထံသို့သာ သီးသန့်နှင့် လျှို့ဝှက်စွာ ပေးပို့မျှဝေသွားမည်ဖြစ်ကြောင်း ICRC က ဆိုသည်။

ICRC သည် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များသို့ သွားရောက်နိုင်ခွင့်ကို ထိန်းသိမ်းထားရန်နှင့် ပိုမိုကျယ်ပြန့်စွာ သွားရောက်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်လက်ထိတွေ့ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း ICRC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု အစရှိသည့် ပုဒ်မများဖြင့် တရားစွဲဆိုခဲ့ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရခြင်းလည်းဖြစ်ကာ နောက်ပိုင်းတွင် ထောင်ဒဏ်ချမှတ်ထားသည့် အမှုများအနက် အမှုအချို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

မြန်မာနိုင်ငံတွင် အမျိုးသားရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်း၊ အာဆီယံနှင့် ပြည်တွင်းနိုင်ငံရေးအင်အားစုများက တောင်းဆိုထားပြီး လက်ရှိ အာဆီယံနှင့် မြန်မာ့အရေးအထူးသံ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇရိုက ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားတွေ့ဆုံခွင့်ကို တောင်းဆိုထားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ထံ ICRC မှ မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက်တွေ့ဆုံသည်ကို နိုင်ငံတော်သမ္မတရုံး သတင်းနှင့် ပြန်ကြားရေးဗျူရိုက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၃၀ ရက်က ဒေါ်အောင်ဆန်းစုကြည်အား သတ်မှတ်နေအိမ်တွင် လက်ကျန်ပြစ်ဒဏ်များ ဆက်လက်ကျခံရန် နိုင်ငံတော်သမ္မတက ပြောင်းလဲသတ်မှတ်ပေးခဲ့သည်။

နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ် ပေးလိုက်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မူရင်းသတင်း — Eleven Media Group