Eleven Media Group

ပါကစ္စတန်တွင် ရဲစခန်းတစ်ခု၏ အပြင်ဘက်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၇ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသရှိ ရဲစခန်းတစ်ခု၏ အပြင်ဘက်တွင် ဩဂုတ် ၂ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၇ ဦးသေဆုံးခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် ပါကစ္စတန်နိုင်ငံ ခိုင်ဘာပက်ထန်ခါဝ ပြည်နယ်၊ ဆွက်ခရိုင်ရှိ ကာဘေးလ် (Kabal) ဒေသ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကို ၎င်းတို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန် တာလီဘန်အဖွဲ့ (TTP) က ထုတ်ပြန်ခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ အဆိုအရ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ သုံးဦးဆေးရုံတွင် ထပ်မံသေဆုံးသွားခဲ့ပြီးနောက် သေဆုံးသူ အရေအတွက်မှာ ၁၄ ဦးမှ ၁၇ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ကယ်ဆယ်ရေးအရာရှိက ပြောသည်။

သေဆုံးသူများထဲတွင် ရဲအရာရှိ ခုနစ်ဦးနှင့် အရပ်သား ၁၀ ဦးပါဝင်ပြီး သေဆုံးသွားသူများထဲမှ တစ်ဦးသည် အသေခံဗုံးခွဲသမား ဖြစ်နိုင်ကြောင်း ဒေသဆိုင်ရာ ရဲအရာရှိ ဖီဒါဟူစိန်က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

Ref: Reuters

မူရင်းသတင်း — Eleven Media Group