Eleven Media Group

ဘရာဇီးသမ္မတသည် အဂတိလိုက်စားပြီး သူခိုးတစ်ဦးဖြစ်ကြောင်း အာဂျင်တီးနားသမ္မတ ပြောကြား

ဘရာဇီးသမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါဆေးလ်ဗျားသည် အဂတိလိုက်စားပြီး သူခိုးတစ်ဦးဖြစ်ကြောင်း အာဂျင်တီးနားသမ္မတ ဟာဗီယာ မီလိုင်က ဩဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်။

မီလိုင်သည် ပြီးခဲ့သည့်သီတင်းပတ်ကလည်း လက်ဝဲယိမ်း ဘရာဇီးသမ္မတ ဆေးလ်ဗားကို ရာဇဝတ်သားဟု ခေါ်ဆိုခဲ့ပြီး သံတမန်ရေးရာအငြင်းပွားမှုကို စတင်ခဲ့ပြီးနောက် ယခုအခါတွင်လည်း သူခိုးဟု ထပ်မံခေါ်ဆိုခဲ့ခြင်းဖြစ်သည်။

LN+ သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုအတွင်း မီလိုင်က "သူဟာ သူခိုးတစ်ယောက်ဖြစ်တယ်၊ အဂတိလိုက်စားတယ်၊ ခိုးမှု၊ လာဘ်စားမှုတွေနဲ့ ပြစ်ဒဏ်ချခံခဲ့ရဖူးသလို ထောင်လည်း ကျဖူးခဲ့သူ ဖြစ်တာကြောင့် သူ့ကို ထောင်ထွက် ရာဇဝတ်သားလို့ ခေါ်ဆိုနိုင်တာ အမှန်ပါပဲ" ဟု ပြောကြားခဲ့သည်။

အာဂျင်တီးနားသမ္မတသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဘရာဇီးနိုင်ငံတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း၌လည်း လာမည့် သမ္မတရွေးကောက်ပွဲတွင် လူလာ၏ လက်ယာယိမ်း ပြိုင်ဘက် ဖြစ်သူ ဖလာဗီယိုး ဘော်လ်ဆိုနာရိုအား ထောက်ခံကြောင်းပြောကြားရင်း ထိုကဲ့သို့သော မှတ်ချက်များကို ပြောကြားခဲ့ဖူးသည်။

ဘရာဇီး တရားရုံးချုပ်၏ တရားသူကြီးတစ်ဦးကိုပါ ပစ်မှတ်ထား ပြောဆိုခဲ့သည့် မီလိုင်၏ မိန့်ခွန်းနှင့် ပတ်သက်ပြီး ဘရာဇီးအစိုးရသည် အာဂျင်တီးနားဆိုင်ရာ ဘရာဇီး သံအမတ်ကြီးအား ပြန်လည် ခေါ်ယူခဲ့သည်။

ဩဂုတ် ၂ ရက်က ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် လူလာအပေါ် အဘယ်ကြောင့် ဤမျှအထိ ရန်လိုနေရသနည်းဟု မေးမြန်းခဲ့ချိန်တွင် မီလိုင်က "တစ်ယောက်ယောက်က ခင်ဗျားဆီက ခိုးယူသွားတဲ့အခါ အဲဒါ ရန်လိုတာ မဟုတ်ဘူးလား။ သူခိုးကို သူခိုးလို့ ခေါ်တာဟာ ခိုးမှုကျူးလွန်တာထက်စာရင် အများကြီးသက်ညှာပေးရာရောက်ပါတယ်" ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။

"သူတို့က နည်းဥပဒေပိုင်းဆိုင်ရာ အမှားအယွင်းတစ်ခုကြောင့် သူ့ကိုပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး၊ သူ အပြစ်မရှိလို့ မဟုတ်ပါဘူး။ ထို့ကြောင့် သူဟာ သူခိုးတစ်ယောက်ဖြစ်သလို အဂတိလိုက်စားတဲ့ အရာရှိတစ်ယောက်လည်း ဖြစ်ပါတယ်" ဟု အာဂျင်တီးနားသမ္မတက ပြောကြားခဲ့သည်။

၂၀၀၃ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဘရာဇီးသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် လူလာသည် Operation Car Wash အမည်ရှိ အကြီးစား အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးတွင် ပြစ်ဒဏ်ကျခံခဲ့ရပြီးနောက် ၂၀၁၈ ခုနှစ် ဧပြီလမှ စတင်ကာ ထောင်ဒဏ် ၅၈၀ ရက် ကျခံခဲ့ရသည်။

ထို့နောက် တရားစီရင်ရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ အကြောင်းပြချက်များဖြင့် ၎င်း၏ ပြစ်ဒဏ်ကို ပယ်ဖျက်ခဲ့ပြီး လူလာသည် ပြန်လည် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group