Eleven Media Group

ပါကစ္စတန်တွင် နှင်းထုပြိုကျမှုကြောင့် သေဆုံးခဲ့သည့်  ကမ္ဘာကျော်တောင်တက်သမား နီမယ်ပူဂျာ၏ ရုပ်အလောင်းကို ပြန်တွေ့

ပါကစ္စတန်နိုင်ငံရှိ ကမ္ဘာ့အမြင့်ဆုံးတောင်များထဲမှ တစ်ခုဖြစ်သည့် Broad Peak တောင်တွင် နှင်းထုများ​ပြိုကျအပြီး ပျောက်ဆုံးနေခဲ့သည့် ကမ္ဘာကျော် ဗြိတိန်-နီပေါ တောင်တက်သမား နီမယ်ပူဂျာအပါအဝင် တောင်တက်သမားလေးဦး၏ ရုပ်အလောင်းများကို မြေပြင်ရှာဖွေရေးအဖွဲ့က ပြန်တွေ့ထားပြီဟု အာဏာပိုင်များက ဩဂုတ် ၂ ရက်က ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၃၁ ရက်တွင် ကယ်ဆယ်ရေးအဖွဲ့က အခြားရုပ်အလောင်းလေးလောင်းကို ရှာတွေ့ခဲ့သော်လည်း ရာသီဥတုဆိုးရွားမှုကြောင့် ရဟတ်ယာဉ်များ မပျံသန်းနိုင်သဖြင့် ရုပ်အလောင်းသုံးလောင်းကိုသာ ပြန်သယ်လာနိုင်ခဲ့သည်။

ပါကစ္စတန်စစ်တပ်၏ အကူအညီဖြင့် ဖွဲ့စည်းထားသည့် ကယ်ဆယ်ရေးအဖွဲ့များက ပျောက်ဆုံးနေဆဲ တောင်တက်သမားနှစ်ဦးကို ဆက်လက်ရှာဖွေနေပြီး ပြန်တွေ့ထားပြီဖြစ်သည့် နီမယ်ပူဂျာ အပါအဝင် လေးဦး၏ရုပ်အလောင်းများကို တောင်ပေါ်မှ ပြန်လည်သယ်ဆောင်နိုင်ရန် ကြိုးပမ်းနေကြသည်။

Broad Peak သည် ပင်လယ်ရေမျက်နှာပြင်အထက် ၈,၀၄၇ မီတာ (၂၆,၄၀၁ ပေ) မြင့်မားပြီး ကမ္ဘာ့အမြင့်ဆုံး ၁၂ ခုမြောက်တောင်ဖြစ်သည်။ တောင်တက်ခရီးစဉ်ကို နီပေါနိုင်ငံဖွား ဗြိတိန်အထူးတပ်ဖွဲ့ဝင်ဟောင်း နီမယ်ပူဂျာက ဦးဆောင်ခဲ့ကာ ဇူလိုင် ၃၀ ရက်မှစပြီး အဆက်အသွယ်ပြတ်သွားခဲ့သည်။

နီမယ်သည် ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့အမြင့်ဆုံးတောင် ၁၄ လုံးကို ၁၈၉ ရက်အတွင်း တက်ရောက်ခဲ့ပြီး ကမ္ဘာ့စံချိန်တင်ခဲ့ကာ Netflix မှ ထုတ်လုပ်သည့် "14 Peaks: Nothing Is Impossible" မှတ်တမ်းရုပ်ရှင်​ဖြင့် ဂုဏ်ပြုခံခဲ့ရသည်။

Ref: AP,Photo:AP & AFP

မူရင်းသတင်း — Eleven Media Group