





စစ်တွေ၊ ဩဂုတ် ၃
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၉ ရက်နံနက်ပိုင်းက ကျောက်ဖြူမြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအား မြေပြင်တွင်အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်မှုရှိ/မရှိနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ကျောက်တန်း (၁)၊ (၂) ရေလှောင်တမံ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ထိုသို့ သွားရောက်ကြည့်ရှုကြစစ်ဆေးစဉ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရေလှောင်တမံစီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ် စီမံကိန်းပြီးစီးနေမှုနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်ရမည့်အစီအမံများနှင့် ဆောက်လုပ်ပြီးစီးနေသည့် ရေလှောင်တမံစီမံကိန်း၏ ရေပိုလွှဲကြံ့ခိုင်မှုအနေအထားနှင့် ထိန်းသိမ်းဆောင်ရွက်ရမည့်နေရာများကို လိုက်လံရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကျောက်ဖြူမြို့နယ် အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း(SEZ) စီမံကိန်းအတွက် ရေကိုသိုလှောင်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ဆည်တည်ဆောက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ ရေစီမံခန့်ခွဲမှုကောင်းမွန်စေရေးနှင့်ပတ်သက်၍ အထူးအလေးပေးဆောင်ရွက်သွားကြရန်မှာကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တန်း(၂) ရေလှောင်တမံတည်ဆောက်ရန် အောက်ခြေရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးနေမှုနှင့် ယာယီရေတားတမံဆောင်ရွက်ပြီးစီးနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဒေးကျွန်းရှိ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းသို့ သွားရောက်ကြည့်ရှုကြရာ စီမံကိန်းတာဝန်ခံနှင့် တာဝန်ရှိသူများက ရေနံနှင့်သဘာဝဓာတ်ငွေ့များအား ပိုက်လိုင်းများဖြင့် ပို့လွှတ်ပေးနေမှု၊ စီမံကိန်း ဧရိယာအတွင်း လုံခြုံရေးကိရိယာများ တတ်ဆင်ထားရှိမှု၊ မီးဘေးလုံခြုံရေးအတွက် စီမံထားရှိမှု တို့ကို ရှင်းလင်းပြသကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းဆိပ်ကမ်းတွင် ရေနံတင်သင်္ဘောရောက်ရှိနေမှုအခြေအနေနှင့် ရေနံတင်သင်္ဘောပေါ်မှရေနံများ သိုလှောင်ကန်သို့ တင်ပို့နေမှုကို သွားရောက်ကြည့်ရှုခဲ့ကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက ကျောက်ဖြူမြို့ ပြင်ဖြူမော်ရပ်ကွက်ရှိ ငလပွေ့ရေငံတားတာတမံကြံ့ခိုင်မှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရေငန်တားတာတမံတွင် Parapet တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးပြီး ရပ်ကွက်သူ၊ ရပ်ကွက်သားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ပြင်ဖြူမော်ရပ်ကွက်တွင် Solar Dryer Drone တည်ဆောက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြင်ဖြူမော်-ရွာသစ်ကေသွားလမ်းအား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ငလပွေ့ရေငန်တားတာတမံအနီး ဒီရေတောသစ်ပင်များ စိုက်ပျိုးနိုင်ရန်လည်းကောင်း၊ သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ဆောင်ရွက်မည့် လုပ်ငန်းများအား အများပြည်သူအတွက် အမှန်တကယ်အကျိုးရှိ/မရှိနှင့် မြေပြင်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သောလုပ်ငန်းများ ကျန်ရှိမှုမရှိစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ကျောက်စရစ်ထုတ်လုပ်မှု လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂုံးချွိန်ကျေးရွာအုပ်စု လေဒါပြင်ကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင် တောင်သူများ ပူးပေါင်း၍ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအား သွားရောက်ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက်ကြရန် ပြောကြပြီး တောင်သူများ၏တင်ပြချက်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများအား မျိုးစပါးများနှင့် ဓာတ်မြေ ဩဇာများပေးအပ်ကာ မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးနေမှုနှင့် စိုက်ခင်းအတွင်း သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ ရောက်စပ်ကြဲပက်နေမှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုန်းတွင်းသဘာဝဓာတ်ငွေ့လက်ခံရေးစခန်း Internal Gas Station, IGS သို့သွားရောက်ကြရာ စီမံကိန်းတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှု ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကာလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့အား Gas turbines ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့က လိုက်လံရှင်းလင်းတင်ပြကြသည်။ ယင်းနောက် အေးမြသာယာကျေးရွာအနီး လမ်းခင်းကျောက် ထုတ်လုပ်မည့်နေရာအားလည်းကောင်း၊ အစိုးရနည်းပညာကောလိပ်အနီး ကျောက်ထုတ်လုပ်မည့်နေရာအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ဆက်လက်၍ အစိုးရနည်းပညာကောလိပ် စာသင်ဆောင်ခန်းမ၌ ကျောင်းအုပ်ကြီးက အစိုးရနည်းပညာကောလိပ်၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး ကျောင်းရှိ အလုပ်ရုံများ၌ စက်မှု၊ စိုက်ပျိုးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို လက်တွေ့ သရုပ်ပြသင်ကြားနေမှုကို ကြည့်ရှုအားပေးကြကာ အစိုးရရပ်ကွက်တွင် စီးပွားရေးလုပ်ငန်းရှင် ဦးကျော်စွာ၏ ငှက်သိုက်မွေးမြူရေးလုပ်ငန်း ပြုလုပ်မည့်နေရာအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခရိုင်လျှပ်စစ်အင်ဂျင်နီယာမှူးရုံးသို့ သွားရောက်ကြပြီး ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူပေးနိုင်ရေးဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးကြပြီး ရုံးဝင်းအတွင်း လျှပ်စစ်ဓာတ်အားခွဲရုံအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း၊ ဓာတ်ပုံ - တင်ထွန်းဦး
#MNP #News