Eleven Media Group

ထိုင်းနိုင်ငံ ဖူးခက်မြို့ရှိ စားသောက်ဆိုင်၊ အနှိပ်ခန်းနှင့် ရေပူစမ်းများ ဖွင့်ထားသည့် အဆောက်အအုံတွင် မီးလောင်မှုဖြစ်ပွား

ထိုင်းနိုင်ငံ ဖူးခက်မြို့ ကာရွန်မြို့နယ်တွင် စားသောက်ဆိုင်၊ အနှိပ်ခန်းနှင့် ဂျပန်စတိုင် ရေပူစမ်းများ ဖွင့်လှစ်ထားသည့် သုံးထပ်အဆောက်အအုံတစ်ခုသည် ဩဂုတ် ၃ ရက်နံနက်ပိုင်းက မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြခဲ့သည်။

အဆိုပါ မီးလောင်မှုသည် နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

အဆောက်အအုံ၏ ပထမထပ်နှင့် ဒုတိယထပ်တို့တွင် Sugar Marina ဟိုတယ်မှ ဧည့်သည်များအတွက် နံနက်စာ ဝန်ဆောင်မှုပေးသော KIRI စားသောက်ဆိုင်ရှိပြီး တတိယထပ်တွင် အနှိပ်ခန်းနှင့် ရေပူစမ်းများ ဖွင့်ထားသည်။

ဓာတ်လှေကားအနီးရှိ လျှပ်စစ်မီးသီးတစ်လုံး ပေါက်ကွဲခဲ့ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ကာရွန် ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးမှူး ဒုတိယရဲမှူးကြီး Narutpon Kaewlae က ပြောကြားခဲ့သည်။

စားသောက်ဆိုင် ဝန်ထမ်းများသည် မီးသတ်ဆေးဘူး အများအပြားကို အသုံးပြု၍ မီးငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့သော်လည်း မီးသည် အဆောက်အအုံအတွင်းသို့ လျှင်မြန်စွာ ကူးစက် ပျံ့နှံ့သွားခဲ့သည်။

ဒုတိယထပ်နှင့် တတိယထပ်တို့တွင် ရေပူစမ်းတွင် အသုံးပြုသည့် အဝတ်အထည်များနှင့် အိပ်ရာခင်းများအပါအဝင် မီးလောင်လွယ်သော ပစ္စည်းအများအပြား ရှိနေသောကြောင့် မီးမှာ ပိုမို ပြင်းထန်လာခဲ့သည်။

မီးသတ်သမားများသည် မီးကို ထိန်းချုပ်နိုင်ရန် မိနစ် ၂၀ ခန့် ကြာအောင် ငြှိမ်းသတ်ခဲ့ရပြီး အဆောက်အအုံသည် ဆိုးရွားစွာ ပျက်စီးသွားခဲ့ကာ တာဝန်ရှိသူများက မီးလောင်ရသည့် အကြောင်းရင်းကိုမူ ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိသည်။

Ref: Bangkok Post

မူရင်းသတင်း — Eleven Media Group