Eleven Media Group

တရုတ်နိုင်ငံ တိုင်ရှန်တောင်တွင် ပစ္စည်းသယ်ယူရေးနှင့် အမှိုက်စွန့်ပစ်ရေးလုပ်ငန်းများအတွက် စက်ရုပ်ခွေးတစ်ကောင်ကို အသုံးပြု

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံပြည်နယ်ရှိ တိုင်ရှန်တောင်တွင် စက်ရုပ်ခွေးတစ်ကောင်ကို စတင်အသုံးပြုနေပြီဖြစ်ပြီး ယခင်က အထမ်းသမားများ အဓိဆောင်ရွက်ခဲ့သည့် ပစ္စည်းသယ်ယူရေးနှင့် အမှိုက်စွန့်ပစ်ရေးလုပ်ငန်းအချို့ကို တာဝန်ယူဆောင်ရွက်နေကြောင်း The Nation သတင်းတွင် ဖော်ပြခဲ့သည်။

အဆိုပါ စက်ရုပ်ခွေးသည် တရုတ်နိုင်ငံ၏ ရှေးကျသော ဘုရားဖူးလမ်းကြောင်းတစ်ခု၏ မတ်စောက်သည့် ကျောက်လှေကားထစ်များအတိုင်း သောက်ရေသန့်ဘူးများကို တောင်ပေါ်သို့ သယ်ဆောင်ပေးပြီး တောင်အောက်သို့ အမှိုက်များကို ပြန်လည်သယ်ဆောင်ပေးလျက်ရှိသည်။

အလျားတစ်မီတာခန့်ရှိသော ထိုစက်ရုပ်ခွေးသည် ကျောကုန်းပေါ်တွင် အိတ်များ၊ ပလပ်စတစ်ပုံးများဖြင့် ကုန်ပစ္စည်းများကို သယ်ဆောင်ပေးခြင်းဖြစ်သည်။

တောင်တက်ခရီးသွားများအကြား ပုံမှန်အရှိန်ဖြင့် သွားလာလှုပ်ရှားရင်း ခရီးစဉ်တစ်ခေါက်လျှင် ၃၀ ကီလိုဂရမ်မှ ၄၅ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်သဖြင့် လူသားအထမ်းသမားတစ်ဦး သယ်ဆောင်သည့် အလေးချိန်နှင့် ယေဘုယျအားဖြင့် အတူတူပင်ဖြစ်သည်။

ရပ်နေသည့် အခြေအနေတွင်မူ ထိုစက်ရုပ်သည် ၁၂၀ ကီလိုဂရမ်အထိ ပစ္စည်းများတင်ဆောင်နိုင်သည်။

ဘက်ထရီတစ်လုံးသည် ၄ နာရီမှ ၆ နာရီအထိ လုပ်ငန်းလည်ပတ်နိုင်ပြီး ဘက်ထရီ အမြန်လဲလှယ်ပေးနိုင်မှုကြောင့် တစ်နေ့တာလုံး ဆက်တိုက် တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်သည်။

ကြည်လင်ပြတ်သားသော ကင်မရာများ၊ LiDAR စနစ်နှင့် အာရုံခံကိရိယာအများအပြား ပါဝင်မှုကြောင့် အဆိုပါ စက်ရုပ်သည် အတားအဆီးများကို အမျိုးအစားခွဲခြားနိုင်ပြီး ၄၅ ဒီဂရီအထိ မတ်စောက်သည့် အနိမ့်အမြင့်များတွင် သွားလာနိုင်သည်။

တိုင်ရှန်တောင်၏ ခက်ခဲကြမ်းတမ်းသော မြေပြင်အနေအထားကြောင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးအတွက် အထမ်းသမားများသည် ရာစုနှစ်ပေါင်းများစွာကြာအောင် အရေးပါခဲ့ရသည်။

ထိုကဲ့သို့သော အခြေအနေများကြောင့်ပင် အမှိုက်သိမ်းဆည်းရေး လုပ်ငန်းသည် လက်လုပ်လက်စား လုပ်အားအပေါ် အလွန်အမင်း မှီခိုနေရပြီး အဆိုပါ ခရီးသွားနေရာမှ တစ်နှစ်လျှင် အမှိုက်တန်ချိန် ၂၄၀၀၀ ခန့် ထွက်ရှိသည်။

"ဒီစက်ရုပ်ခွေးဟာ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို သိသိသာသာ လျှော့ချပေးနိုင်ရုံတင်မကဘဲ လုပ်ငန်းထိရောက်မှုကိုပါ မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ခရီးသွားစခန်းမှ မန်နေဂျာတစ်ဦးဖြစ်သူ ဝမ်ယွန်ပင်းက ပြောကြားခဲ့သည်။

အဆိုပါ စက်ရုပ်သည် တောင်တက်ခရီးသွားများ၏ စိတ်ဝင်စားမှုကိုလည်း ရရှိခဲ့ပြီး မကြာခဏဆိုသလို ရပ်တန့်၍ ဓာတ်ပုံရိုက်ကူးခံရလေ့ရှိသည်။

အဆိုပါစက်ရုပ်အသုံးပြုမှုသည် ပိုမိုကျယ်ပြန့်သည့် "Smart Mount Tai" စီမံကိန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

လွန်ခဲ့သည့်နှစ်က အဆိုပါခရီးစဉ်ဒေသတွင် AI စနစ်သုံး တောင်တက် အကူဝတ်စုံ (exoskeletons) များကို မိတ်ဆက်ခဲ့ကာ ယင်းသည် ခရီးသွားလုပ်ငန်းတွင် ပထမဆုံး နည်းပညာ အသုံးပြုမှုများအနက် တစ်ခု ဖြစ်ခဲ့သည်။

ထိုအကူဝတ်စုံများသည် ၁ ဒသမ ၈ ကီလိုဂရမ် အလေးချိန်ရှိပြီး တောင်တက်သမားများ စိုက်ထုတ်ရသည့် ခန္ဓာကိုယ်အားကို ၃၀ ရာခိုင်နှုန်းကျော်အထိ လျှော့ချပေးနိုင်ရန် ဖန်တီးထားသော နည်းပညာများကို အသုံးပြုထားသည်။

မူရင်းသတင်း — Eleven Media Group