Eleven Media Group

■ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဘင်္ဂလားဒေ့ရှ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ စွမ်းအင်နှင့် တွင်းထွက်ရင်းမြစ်များဝန်ကြီးတို့ သီးခြားစီ တွေ့ဆုံ

■ နှစ်နိုင်ငံအကြား ရပ်တန့်နေသည့် ပူးတွဲကုန်သွယ်ရေးကော်မတီအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေးများ ပြန်လည်စတင်နိုင်ရေး၊ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနှင့် စွမ်းအင်ကုန်သွယ်ရေး ကိစ္စရပ်များ ဆွေးနွေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးနှင့် ဘင်္ဂလားဒေ့ရှ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ စွမ်းအင်နှင့် တွင်းထွက်ရင်းမြစ်များဝန်ကြီးတို့ သီးခြားစီတွေ့ဆုံခဲ့ကြောင်း သိရသည်။

မြန်မာသံရုံး၊ ဒါကာမြို့မှ သံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဘင်္ဂလားဒေ့ရှ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Mr. Khandakar Abdul Muktadir အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ သြဂုတ် ၂ ရက်က သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်မှုအရ သိရသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စိုက်ပျိုးရေး၊ ရေထွက်ကုန်နှင့် ဆန်၊ ဆေးဝါးများ စသည့်ကုန်ပစ္စည်းကုန်သွယ်ရေးကိုတိုးမြှင့်ရေး၊ ရေကြောင်းသယ်ယူပို့ဆောင်ရေးမြှင့်တင်ရေး၊ Liquefied natural gas (LNG) တင်သွင်းရေးနှင့် နေရပ်စွန့်ခွာသူများ နေရပ်ပြန်ပို့ရေး ကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် နှစ်နိုင်ငံအကြား ရပ်တန့်နေသည့် ပူးတွဲကုန်သွယ်ရေးကော်မတီအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးများ ပြန်လည်စတင်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဘင်္ဂလားဒေ့ရှ် စွမ်းအင်နှင့် တွင်းထွက်ရင်းမြစ်များဝန်ကြီး H.E. Mr. Iqbal Hassan Mahmood အား စွမ်းအင်နှင့်တွင်းထွက်ရင်းမြစ်များဝန်ကြီးဌာန၌ သြဂုတ် ၂ ရက်၌ပင် ဂါရဝပြု တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံစဉ် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနှင့် စွမ်းအင်ကုန်သွယ်ရေး၊ အိမ်နီးချင်းဆက်ဆံရေး၏ အရေးပါမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးများသို့ ဘင်္ဂလားဒေ့ရှ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ ဘင်္ဂလားဒေ့ရှ် စွမ်းအင်နှင့်တွင်းထွက်ရင်းမြစ်များဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ၊ နိုင်ငံခြာရေးဝန်ကြီးဌာန၊ မြန်မာရေးရာဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group