Eleven Media Group

■ နိုင်ဂျီးရီးယား၌ လက်နက်ကိုင်အုပ်စုက လူ ၅၂ ဦးကို ပြန်ပေးဆွဲ

နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်း ဇမ်ဖာရာ ပြည်နယ်ရှိ ကျေးရွာတစ်ရွာနှင့် စစ်စခန်းတစ်ခုကို သီးတင်းပတ်ကုန်ပိုင်းက လက်နက်ကိုင်အုပ်စုတစ်စု စီးနင်းခဲ့ရာ ကလေးငယ်များ အပါအဝင် အနည်းဆုံး လူ ၅၂ ဦး ပြန်ပေးဆွဲခံခဲ့ရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက AFP ကိုပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားအရှေ့‌မြောက်ပိုင်းမှ ဂျီဟတ်များအပါအဝင် အနောက် မြောက်ပိုင်းဒေသအများစု၌ သောင်းကျန်းနေသော ဒေသအခေါ် "ဓားပြအုပ်စုများ" သည့် လူပြန်ပေးဆွဲသည့် လုပ်ငန်းကို အဓိက ဝင်ငွေရလမ်းအဖြစ် လုပ်ဆောင်လျက်ရှိကြသည်။
ဇမ်ဖာရာပြည်နယ်သည် အနောက် မြောက်ပိုင်းဒေသတွင် ပြန်ပေးဆွဲမှုဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရသည့် ပြည်နယ်များအနက် တစ်ခုဖြစ်သည်။

ဩဂုတ် ၁ ရက်မှ ၂ ရက်အကူး သန်းခေါင်ယံအချိန်ခန့်တွင် ဆိုင်ကယ်များစီးနင်းလာသည့် သေနတ်သမားများသည် ကော်ရာနာမိုဒါ ဒေသရှိ ကာဆူဝါဒါဂျီရွာထဲသို့ ဝင်ရောက်လာခဲ့ပြီး ကျေးရွာအစွန်ရှိ
စစ်စခန်းတစ်ခုကို ပထမဦးစွာ စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

တိုက်ခိုက်သူများသည် စစ်စခန်းအတွင်းမှ သေနတ်များကို လုယက်ယူဆောင်သွားခဲ့ပြီး စစ်တပ်ကင်းလှည့်ယာဉ်တစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ထို့နောက် ကျေးရွာအ တွင်းသို့ ဝင်ရောက်စီးနင်းကာ ဒေသခံ အများအပြားကို ပြန်ပေးဆွဲသွားခဲ့သည်ဟု သိရသည်။

"အစမှာတော့ သူတို့ကလူ ၁၀၀ ထက်မနည်းဖမ်းဆီးသွားတာပါ။ နောက်မှ တချို့ကို ပြန်လွှတ်ပေးပြီး စုစုပေါင်း ၅၂ ဦးကို ဖမ်းဆီးထားလိုက်တာ ဖြစ်ပါတယ်" ဟု အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူ ပြန်ပေးဆွဲခံလိုက်ရသည့် ကာဆူဝါ ဒါဂျီ ကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သူ ရှေဟူးအဘဒူလာဟီက ပြောကြားခဲ့သည်။

Photos - AFP

မူရင်းသတင်း — Eleven Media Group