
ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခကို ထိုင်းဘက်က စတင်ခဲ့ကာ ကမ္ဘောဒီးယားပြည်သူများအပေါ် ထိခိုက်နစ်နာစေခဲ့သည်ဆိုသည့် ကမ္ဘောဒီးယား၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်၏ ထုတ်ပြန်ချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပယ်ချလိုက်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ တုံ့ပြန်ချက်တွင် အဆိုပါပဋိပက္ခသည် ထိုင်းဘက်က စတင်ခဲ့ခြင်းမဟုတ်ဘဲ ကမ္ဘောဒီးယားကသာ ထိုင်းနိုင်ငံအတွင်းရှိ အရပ်သားနေရာများကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပွားလာခြင်းဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ကမ္ဘောဒီးယားတွင် ပြည်တွင်းနေရပ်စွန့်ခွာသူ ၆၅၀၀၀၀ ရှိကြောင်း ပြောဆိုထားသည့်အပေါ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အချို့မှာ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း လူသားချင်းစာနာထောက်ထားမှု အစီအစဉ်ဖြင့် ထိုင်းတွင် ယာယီခိုလှုံခွင့်ပေးထားသည့် ကမ္ဘောဒီးယားနိုင်ငံသားများဖြစ်ကြောင်း၊ နောက်ပိုင်း ကမ္ဘောဒီးယားတွင် အခြေအနေကောင်းမွန်လာသော်လည်း ၎င်းတို့နိုင်ငံကို မပြန်ကြတော့သဖြင့် ထိုသူများကို ပြည်တွင်းနေရပ်စွန့်ခွာသူဟု သတ်မှတ်၍မရကြောင်း၊ ထို့ပြင် နေရပ်ပြန်ခွင့်ကို နိုင်ငံရေးရည်ရွယ်ချက် သို့မဟုတ် ဝါဒဖြန့်ချိရေးအတွက် အသုံးမချသင့်ဘဲ လူသားချင်းစာနာထောက်ထားမှု အခြေခံမူများနှင့်အညီသာ ဆောင်ရွက်သင့်ကြောင်းလည်း အလေးပေးပြောခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်းမှကမ္ဘောဒီးယားသို့ ရွှေ့ပြောင်းအလုပ်သမား ၉၀၀၀၀၀ ပြန်သွားခဲ့ကြောင်း တွမ်အန်ဒရူးစ်၏ ပြောဆိုချက်ကိုလည်း မေးခွန်းထုတ်ခဲ့ပြီး ထိုအရေအတွက်က တရားဝင်နှင့် တရားမဝင် အလုပ်သမားများပါဝင်ကာ ကမ္ဘောဒီးယားအစိုးရ၏ တိုက်တွန်းချက်အရ ၎င်းတို့ဆန္ဒအလျောက် ပြန်သွားကြသူများဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများကို အတင်းအကျပ် နှင်ထုတ်သည့်မူဝါဒမျိုး မရှိခဲ့ကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေတို့ကို ဆက်လက်လိုက်နာသွားမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် အသင့်ရှိပြီး ကမ္ဘောဒီးယားဘက်မှ စစ်မှန်ရိုးသားသည့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Photo: The Nation Thailand